နိုင်ငံ့သားကောင်းလူငယ်များအားကြိုဆို

နိုင်ငံ့သားကောင်းလူငယ်များအားကြိုဆို

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၁၉ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့် ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟူ၍လည်းကောင်း ခိုင်ခိုင်မာမာပြဋ္ဌာန်း ထားပါ သည်။ မြန်မာနိုင်ငံ၏ တည်နေရာသည် ပထဝီဝင်အနေအထားအရ လွန်စွာအရေးပါသည့် နေရာတွင် တည်ရှိသည်။ နိုင်ငံတစ်နိုင်ငံအတွက် လွတ်လပ်ရေးဆုံးရှုံးမှုဆိုသည်မှာ အချိန်တိုအတွင်း ဖြစ်ပွား နိုင်သော်လည်း ဆုံးရှုံးသွားသည့်လွတ်လပ်ရေး ပြန်လည်ရရှိရေးကြိုးပမ်းရာတွင်မူ နှစ်ပေါင်းရှည်ကြာစွာ ကြာမြင့်သည်ကို သင်ခန်းစာရထားပြီး ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများ အလယ်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ခိုင်မာစွာရပ်တည် လျက်ရှိသည်မှာ ကာကွယ်ရေး အင်အားခိုင်မာစွာရှိနေခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်များ ဖြစ်သည့် ပိုင်နက်နယ်နိမိတ်၊ နိုင်ငံသားများ၊ နိုင်ငံတော်အစိုးရနှင့် အချုပ်အခြာ အာဏာပိုင်စိုးမှုတို့ ရှိနေရန်အတွက် နိုင်ငံတိုင်းကကာကွယ်ရေး အင်အားခိုင်မာ တောင့်တင်းရန် ကြိုးပမ်းလျက်ရှိကြသည်။ မြန်မာနိုင်ငံသည်လည်း မိမိနိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာအောင် တည်ဆောက်လျက်ရှိသည်။ နိုင်ငံကို ကာကွယ် နိုင်ရေးအတွက် ကြည်း၊ ရေ၊ လေ အမြဲတမ်းတပ်မတော်များ အင်အားတောင့်တင်းခိုင်မာအောင် တည်ဆောက်ထားကြသကဲ့သို့ အရန်အင်အားများကိုလည်း ဥပဒေပြဋ္ဌာန်းကာ နည်းလမ်းအမျိုးမျိုးဖြင့် ပြင်ဆင်စုဖွဲ့ထားကြသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်တစ်ခုဖြစ်ပေရာ  မိမိနိုင်ငံကို မိမိတို့ကာကွယ်စောင့်ရှောက်ရခြင်းမှာ ဂုဏ်ယူဖွယ်ကောင်းသော တာဝန်ဖြစ်သည်။ နိုင်ငံသားတိုင်း ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင် နိုင်ရေးအလို့ငှာ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင် အာဏာသက်ရောက်စေခဲ့သည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို တိုင်းစစ်ဌာနချုပ်များ၌ ဧပြီလ  ၈ ရက်တွင် ခမ်းနားထည်ဝါစွာစတင်ဖွင့်လှစ်ပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁) သင်တန်းသား တို့မှာ ပထမဆုံးလစာပင် ရရှိကြပြီး ဖြစ်သည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂)ကို မေလ ၁၄ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ သင်တန်းဖွင့်ပွဲများကို တစ်ပြိုင်တည်း ကျင်းပခဲ့ကြ သည်။ အဆိုပါ သင်တန်းဖွင့်ပွဲများကို သက်ဆိုင်ရာ သင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်ပွဲများသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂)မှ သင်တန်းသားများအား တွေ့ဆုံ အမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး သင်တန်းသားများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ ဤမြင်ကွင်းကို ပြည်သူအားလုံးမြင်တွေ့ကြရပြီး ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်မည့်သူများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အကြီးအကဲများ ကိုယ်တိုင် နွေးထွေးစွာကြိုဆိုသည်မှာ ၎င်းတို့၏စိတ်ဓာတ်နှင့် ဆောင်ရွက်ချက်ကို တန်ဖိုးထားခြင်း ဖြစ်သည်။ ယခုဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂) သင်တန်းသားများမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများကဲ့သို့ပင် နိုင်ငံသားကောင်း လူငယ်များအဖြစ် နိုင်ငံ့တာဝန်များကို ဂုဏ်ယူစွာထမ်းဆောင် ကြတော့မည်ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ကြမည့်လူငယ်များအနေဖြင့် အရပ်သားဘဝမှ စစ်မှုထမ်းဘဝသို့ ကူးပြောင်းလာသည့် သင်တန်းသားများမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်လာခြင်း၊ အသင်းအဖွဲ့နှင့် စုပေါင်း လုပ်ဆောင်တတ်လာခြင်း၊ အချိန်ဇယားကိုက် လုပ်ကိုင်တတ်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုပမာ ချစ်ခင်စွာနေတတ်လာခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားချစ်တတ်လာရာမှ မိမိ၏ မိသားစု၊ ဇာတိမြို့ရွာမှသည် နိုင်ငံတော်အထိ တန်ဖိုးထားချစ်တတ်လာခြင်းစသည်ဖြင့် နိုင်ငံ့သားကောင်း တို့၏ကောင်းမွန်သော အရည်အသွေးများ ပြည့်စုံလာကြမည် ဖြစ်သည်။

နိုင်ငံတစ်ဝန်းလုံးတွင် သစ်ပင်များ စိုက်ပျိုးဖြစ်ထွန်းပြီး ရောင်စုံပန်းများ ဖူးပွင့်လှပနေသလို  နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုမိမိတို့ အသိစိတ်ဓာတ်ဖြင့် အားကြိုးမာန်တက် ထမ်းဆောင်ကြမည့်သူများ သည်လည်း နိုင်ငံတော်ကာကွယ်ရေး ရောင်စုံပန်းများအဖြစ် ဖူးပွင့်လာတော့မည်ဖြစ်သည်။ နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေး၊ အသိပညာများ ပြည်သူများ နားလည်တတ်မြောက်လာသည်နှင့်အမျှ နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကား ပိုမိုမြင့်မားလာနိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို တက်ကြွရွှင်လန်းစွာထမ်းဆောင်ကြမည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း များ အားကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။