လူငယ်များနှင့် မှန်ကန်သောရွေးချယ်မှု

လူငယ်များနှင့် မှန်ကန်သောရွေးချယ်မှု

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၂၀ ရက်)

လူငယ်တို့၏ဘဝတွင် ရွေးချယ်စရာလမ်းကောင်းများရှိသလို လမ်းဆိုးများလည်း ရှိသည်။ လမ်းကောင်း ဆိုသည်မှာ လူငယ်များအတွက် တက်လမ်းဖြစ်ပြီး လမ်းဆိုးသည် ဘဝ၏နိဂုံးချုပ်ခန်းဖြစ်သည်။ မိမိတို့၏ ဘဝတက်လမ်းကို အပြုသဘောဆောင်ကာ ရှာဖွေလျှောက်လှမ်းနေသောလူငယ်များသည် နိုင်ငံအတွက် သားကောင်းသမီးမွန်များ ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးအားထားပြုရမည့် လူငယ်မောင်မယ်များဖြစ်သည်။

အချို့သောလူငယ်များကား ဘဝကိုအပျော်သဘောထားကာ စိတ်ပျော်ရွှင်မှုကို ဦးစားပေးလိုက်စား ကြသည်။ အနာဂတ်ဆိုသည်ကို ထည့်သွင်းတွေးတောခြင်း မရှိကြပေ။ အပျော်ရှာသူ လူငယ်များကို ဦးတည်ပြီး ဈေးကွက်ရှာဖွေထုတ်လုပ်သည့် ဖျော်ဖြေရေးပစ္စည်းများ၊ ဖျော်ဖြေရေးပုံစံများ အလွန်များ ပြားသည်။ စီးပွားရေးသမားတို့၏ ဈေးကွက်တစ်မျိုးဖြစ်သည်။ အဆိုပါအထဲတွင် စိတ်ကြွ ရူးသွပ်ဆေး များ၏ အခန်းကဏ္ဍက တော်တော်များများ နေရာယူလာသည်။ စိတ်ကြွရူးသွပ်ဆေး ဖြန့်ဖြူးသူများ ကလည်း လူငယ်များလာတတ်သည့် ဘား၊ ကလပ်၊ ကာရာအိုကေ အစရှိသည့် ဖျော်ဖြေရေးနေရာများကို ဦးတည်ပစ်မှတ်ထားကြသည်။ လူငယ်အများစုအနေဖြင့် ကေ(K)၊ အီး(E)၊ Happy water အစရှိသည့် အမည်များကို စိတ်ကြွရူးသွပ်ဆေး မူးယစ်ဆေးအနွယ်များဟုပင် မသိကြဘဲ သုံးစွဲမိကြသည်။

K ဆိုသည်မှာ Ketamine မေ့ဆေးဖြစ်သည်။ Ketamine ဖြင့် မေ့ဆေးပေးသည့်အခါ ကယောင် ကတမ်းဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်တတ်သည်။ အဆိုပါမေ့ဆေးမှာ အရောင်မရှိ၊ အရသာမရှိသည့် ဆေးရည်ပုံစံဖြင့်လာတတ်သည်။ အရည်ဖြစ်စေ၊ အမှုန့်ဖြစ်စေ Ketamine ကို အချိုရည်၊ ယမကာ စသည်တို့ နှင့်ရောစပ်ပြီးသောက်သုံးကြသည်။ အချို့ဆေးခြောက်နှင့်ရောပြီး ဆေးလိပ်လိပ် သောက်ကြ သည်။ ဆေးရွက်ကြီးနှင့် ရောစပ်သောက်သုံးခြင်းမျိုးလည်း ရှိသည်။ Ecstasy နှင့်ရောစပ်ထားသည့် Ketamine အဖြူရောင်အမှုန့်လေးတွေကို ဖန်သားပေါ်တင်ပြီး တစ်ကြိမ်တည်း ရှူကြတာမျိုးလည်း ရှိသည်။ အရည်ပုံစံ နှင့်လာသည့် Ketamine ကိုအသားဆေးအဖြစ် ထိုးနှံကြတာလည်း ရှိသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးအများစုက ဘိန်းပင်ကဲ့သို့ စိုက်ခင်းဖြင့် စိုက်ပျိုးကြရသည် မဟုတ်ပါ။ ဓာတုဆေးဝါးများသာဖြစ်ပြီး  အလိုရှိသလောက် ဝန်ကျဉ်းကျဉ်းဖြင့် ဆေးပြားရိုက်ထုတ်ကြခြင်းဖြစ်သည့် အတွက် ဘိန်းဖြူထက်ဈေးပိုသက်သာပြီး တစ်ဖက်ကလည်း အမြတ်အစွန်း ကြီးကြီးမားမား ရသည့် လုပ်ငန်း ဖြစ်သည်။ E ဟုအတိုကောက်ခေါ်နေသည့် Ecstasy သည် ဓာတုနည်းဖြင့်ဖော်စပ်ထားသည့် ဆေးဝါးဖြစ် သည်။ ဓာတုဖွဲ့စည်းပုံအရ MDMA ဟုလည်းအတိုကောက်ခေါ်ကြသည်။ အဆိုပါဆေးမှာ အချို့သော နိုင်ငံများတွင် တရားဝင်သုံးစွဲခွင့်ပြုထားသည်။ ထိခိုက်ဒဏ်ရာများ၊ အလွန်စိတ်ဖိစီးရောဂါ (PTSD) မှာအသုံးပြုကုသရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့သော် Ecstasy ဆေးကို ဆေးခြောက်ကဲ့သို့ စိတ်ကြွရူးသွပ်ဖို့အတွက် တရားမဝင်အသုံးပြုမှုက ပိုမိုများပြားလာသည်။ တကယ်တော့ Ecstasy သည် အဖက်တမင်းအုပ်စုအနွယ်ဝင် စိတ်ကြွ ရူးသွပ်ဆေး တစ်မျိုးဖြစ်သည်။ သုံးစွဲလိုက်သည့်အခါ နှလုံးခုန်နှုန်းမြန်လာသည်။ သွေးဖိအားတက်လာသည်။ ကိုယ်ခန္ဓာက အပူဓာတ်များ ထွက်လာသည်။ ထိုသို့အပူလွန်နေသည့်ကြားထဲက ကလပ်ထဲမှာ လုံးဝ ရပ်နားခြင်းမရှိဘဲ ကခုန်နေသည့်အတွက် အပူများထပ်ထွက်လာသည်။ ထိုအခါ ကိုယ်ခန္ဓာ အပူဓာတ် လွန်ကဲပြီး အသက်ဆုံးရှုံး နိုင်သည်။ Ecstasy က ခန္ဓာကိုယ်ထဲရှိအရည်ဓာတ်များကိုလည်း ဆွဲယူထား တတ်သည်။ ကိုယ်ခန္ဓာကြီးက ပူနေသဖြင့် ရေပိုသောက်မိသည့်အတွက် ကိုယ်တွင်းက  ဆိုဒီယမ်ဆား ဓာတ်နည်းပါးသွားသည့်အခါ ဦးနှောက်ဖောင်းပွမှုဖြစ်ပြီး အသက်ဆုံးရှုံးတတ်ပြန်ပါသည်။

မကြာသေးမီကခေတ်စားလာသည့် Happy water မှာလည်း စိတ်ကြွရူးသွပ်ဆေး တစ်မျိုးဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့် Ecstasy၊ Kitamine ၊ မက်အမ်ဖက်တမင်း စသည့် စိတ်ကြွရူးသွပ် ဆေးများကို ဒိုင်ယာဇီပင်အစရှိသည့် အိပ်ဆေးများနှင့်ရောစပ်၍ ဖျော်ထားခြင်းသာဖြစ်သည်။ အတိုင်း အဆ မရှိသည့် စိတ်ကြွဆေးများကို ရောသမမွှေထားသည့်အတွက် အလွန်ပင် အန္တရာယ်ကြီးမားလှသည်။ စိတ်ကြွ ရူးသွပ် ဆေးများ၏အန္တရာယ်မှာ အလွန်အမင်းကြောက်မက်ဖွယ်ဖြစ်သည်။ မျိုးဆက်သစ် လူငယ်များကို ဦးတည် ဖြန့်ဝေနေကြသည့်အတွက်လည်း တိုင်းပြည်အနာဂတ်ကို ဦးတည်ဖျက်ဆီး နေသကဲ့သို့ဖြစ် သည်။ သုံးစွဲသူများကိုယ်တိုင်၏ အလုပ်လုပ်ကိုင်နိုင်စွမ်းကျဆင်းသွားရုံမက အသက်ပင် ဆုံးရှုံးနိုင်သည်။ အမျိုးသမီးများကို လိမ်လည်လှည့်ဖြားပြီး အမြတ်ထုတ်နိုင်ရန်အတွက် Ketamine (K) ကို အအေးခွက်ထဲ ထည့်ဖျော်ကာ အမျိုးသမီးငယ်များ၏ ဘဝကိုဖျက်ဆီးတတ်သဖြင့် မိန်းကလေး များ လုံးဝမမှီဝဲသင့်သော မူးယစ်ဆေးဝါးအနွယ်များ ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မူးယစ်ဆေးဝါး၊  စိတ်ကြွရူးသွပ် ဆေးပြား များအား နိုင်ငံတော်က အမျိုးသားရေးတာဝန်အဖြစ် အလေးထား တိုက်ဖျက်နေသကဲ့သို့ လူငယ် မောင်မယ်များအနေဖြင့်လည်း မိမိတို့၏အနာဂတ်အတွက် လမ်းကောင်းကို ရွေးချယ် လျှောက်လှမ်း ကြရန်ဖြစ်ပါကြောင်း။    ။