အမေရိကန်ကို ခြိမ်းခြောက်ဦးမယ့် တရုတ်ရဲ့ နောက်ထပ်လက်နက်တစ်မျိုး

အမေရိကန်ကို ခြိမ်းခြောက်ဦးမယ့် တရုတ်ရဲ့ နောက်ထပ်လက်နက်တစ်မျိုး

တရုတ်နိုင်ငံက ရုရှားတို့ရဲ့ “ပိုဆိုက်ဒန်” လိုမျိုး အကြီးစားရေအောက်သွား တိုက်ခိုက်ရေး လက်နက် ပုံစံတစ်မျိုးကို  မကြာသေးခင်က   ထုတ်ဖော်ပြသလိုက်ပါတယ်။

ထုံးစံအတိုင်းပဲ သူ့မှာခေတ်မီရေအောက်သွားလက်နက်တွေရဲ့စွမ်းဆောင်ရည်တွေဖြစ်တဲ့ နျူကလီးယား စွမ်းအင်အသုံးပြုမှုနဲ့ နျူကလီးယားထိပ်ဖူးတပ်နိုင်မှု စွမ်းရည်တွေပါဝင်ပါတယ်။

သူ့မှာ နောက်ထပ်အများနည်းတူပါဝင်တဲ့ စွမ်းဆောင်ရည်တစ်မျိုးကတော့ အလွန်ဝေးကွာတဲ့ အကွာအဝေးကို သွားနိုင်သလို ရုတ်တရက်တိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်မှာမှမရှိသေးတဲ့ စွမ်းဆောင်ရည်တစ်ခုကလည်း အဲဒီရေအောက်တိုက်ခိုက်ရေး လက်နက်မှာ ပါဝင်နေပါတယ်။ အဲဒါကတော့ ဇီဝပေါင်းစပ်စက်ရုပ်နည်းပညာပါ။

ဇီဝပေါင်းစပ်စက်ရုပ်နည်းပညာကို အသုံးပြုလိုက်မယ်ဆိုရင် အရေးပါတဲ့ ကိုယ်ပျောက်စွမ်းရည်ကို ရရှိစေမှာဖြစ်ပြီး မဟာဗျူဟာမြောက် ရေအောက်နျူကလီးယား တိုက်ခိုက်မှုတွေကိုလည်း လိုအပ်သလို လုပ်ဆောင်နိုင်မှာဖြစ်သလို   အမေရိကန်နိုင်ငံကိုလည်း ခြိမ်းခြောက်နိုင်ဦးမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက အဲဒီပိုဆိုက်ဒန်ရေအောက်တိုက်ခိုက်ရေး လက်နက်ကို တရုတ်နိုင်ငံမှာ ပြသခဲ့တာ မဟုတ်ပါဘူး။

မလေးရှားနိုင်ငံမှာပြသခဲ့တာပါ။ သူ့ရဲ့ပုံစံကိုကြည့်ခြင်းအားဖြင့် အရွယ်အစားက တော်တော်လေး ကြီးမားမယ်ဆိုတာ ငြင်းစရာမလိုဘူးလို့ သတင်းမီဒီယာတွေကထုတ်ပြန်ထားပါတယ်။

တရုတ်ပိုဆိုက်ဒန်ဟာ ရှန်ဟိုင်းကနေ ဆန်ဖရန်စစ္စကိုအထိကို အလွယ်တကူသွားနိုင်စွမ်းရှိပါတယ်။ သမုဒ္ဒရာကို ဖြတ်ပြီးတော့ပေါ့။ အဲဒီကြားက အကွာအဝေးဟာ ရေမိုင် ၅၀၀၀ ကျော်ရှိပါတယ်။

တကယ်လို့များ ရေအောက်တိုက်ခိုက်ရေး လက်နက်စွမ်းအင်ပေးမယ့် နျူကလီးယားဓာတ်ပေါင်းဖိုကို   အရွယ်အစားကြီးပြီး သမုဒ္ဒရာရဲ့ရေစီးကြောင်းကလည်း တည်ငြိမ်မယ်ဆိုရင် တရုတ်ပိုဆိုက်ဒန်ဟာ အမေရိကန်ပြည်မကြီးထဲအထိကို သာသာယာယာ ဝင်ရောက်နိုင်စွမ်းရှိပါသေးတယ်။

ဒီနေရာမှာ ရုရှားနိုင်ငံရဲ့ ပိုဆိုက်ဒန်အကြောင်းကိုလည်း ပြောချင်ပါသေးတယ်။ ရုရှားနိုင်ငံက ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်းမှာ နျူကလီးယားလက်နက်တွေကို ပုံမှန်မဟုတ်တဲ့  ဖွံ့ဖြိုးတိုးတက်မှုတွေရရှိအောင်  လုပ်ဆောင်ခဲ့တာပါ။ အဲဒီထဲမှာ ပိုဆိုက်ဒန်တော်ပီဒိုလည်း တစ်ခုအပါအဝင်ပေါ့။

ပိုဆိုက်ဒန်တော်ပီဒိုဟာ သာမန်တော်ပီဒိုမျိုး မဟုတ်ပါဘူး။ သူ့ရဲ့သွားလာမှုအတွက်လိုအပ်တဲ့စွမ်းအင်ကို နျူကလီးယားစွမ်းအင် အသုံးပြုထားတာပါ။ ဒါ့အပြင် နျူကလီးယားထိပ်ဖူးလည်း တပ်ထားပါသေး တယ်။

အဲဒီတော်ပီဒိုကိုတော့ သာမန်ရေငုပ်သင်္ဘောတွေကနေ ပစ်ခတ်မှာမဟုတ်ဘဲ ဆူနာမီအမျိုးအစား ရေငုပ် သင်္ဘောတွေ ကနေပစ်ခတ်သွားမှာပါ။ ကမ္ဘာကြီးရဲ့ဘယ်နေရာကနေပဲပစ်ပစ် တော်ပီဒိုက အမေရိကန် ကမ်းရိုးတန်းတွေဆီကို ရောက်ရှိနိုင်စွမ်းရှိပါတယ်။

ရေအောက်မှာဖြစ်ပေါ်တဲ့ နျူကလီးယားပေါက်ကွဲမှုတွေကလည်း သမားရိုးကျ နျူကလီးယားပေါက်ကွဲမှု ကနေ ဖြစ်ပေါ်လာတဲ့ သမားရိုးကျသက်ရောက်မှုတွေကိုဖြစ်ပေါ်စေရုံသာမက ရေထုကိုလည်း ညစ်ညမ်း စေမှာပါ။

ဒါ့အပြင် အရပ်ဘက်နေရာတွေအပေါ် ရေလွှမ်းမှုလည်း ဖြစ်လာစေနိုင်ပါတယ်။ သာမန်ရေလွှမ်းမှု မျိုးတော့ မဟုတ်ပါဘူး။ နျူကလီးယားရေလွှမ်းမှု ဖြစ်မှာပါ။

ရုရှားကဖန်တီးထားတဲ့ နောက်ထပ်နျူကလီးယား လက်နက်တစ်မျိုးက Burevestnik နျူကလီးယား စွမ်းအင်သုံး အနိမ့်ပျံဒုံးကျည်ဖြစ်ပါတယ်။

သူသည်လည်း နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ပြီး နျူကလီးယား စွမ်းအင် အသုံးပြုပျံသန်းတာ ဖြစ်တဲ့အတွက် ရောက်ရှိနိုင်တဲ့ အကွာအဝေးက အကန့်အသတ်မဲ့နီးပါးပါပဲ။

ရုရှားရဲ့အခုလက်နက်စနစ် နှစ်မျိုးစလုံးကအမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်အပေါ် ပစ်မှတ်ထား တဲ့ တီထွင်မှုတွေပဲဖြစ်ပါတယ်။

အခု တရုတ်ရဲ့တီထွင်မှုစိတ်ကူးဆီပြန်သွားရအောင်။ ရုရှားတို့ရဲ့ပိုဆိုက်ဒန်တော်ပီဒိုက တည့်တည့်ပဲသွား လိမ့်မယ်လို့ တရုတ်တို့က ယုံကြည်ထားပါတယ်။

တကယ်လို့များ တော်ပီဒိုကိုရေအောက် တိုက်ခိုက်ရေးယာဉ်တစ်မျိုးအဖြစ် ဖန်တီးပြီး လိုအပ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကိုထည့်လိုက်မယ်ဆိုရင် အဲဒီရေအောက်ယာဉ်က အကန့်အသတ်မဲ့တဲ့ အကွာ အဝေးကို သွားနိုင်စွမ်းရှိလိမ့်မယ်လို့ တရုတ်တို့က ယူဆပါတယ်။

အကယ်၍ အဲဒီရေအောက်တိုက်ခိုက်ရေးယာဉ်ဟာ ရေမိုင် ၅၀ နှုန်းနဲ့သွားနိုင်တယ်ဆိုရင် ဟာဝိုင်ယီ သို့မဟုတ် အမေရိကန်ပြည်မကြီးဆီကို အချိန်တိုအတွင်းရောက်သွားနိုင်မှာပါ။

နောက်ထပ်အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကတော့ အမေရိကန်တို့ရဲ့ လက်ရှိဒုံးကျည် ကာကွယ်ရေးစနစ်တွေဟာ ရေအောက်ပစ်မှတ်တွေကို ရှာဖွေထောက်လှမ်းကြိုတင် သတိပေးနိုင်စွမ်း မရှိပါဘူး။

အထူးသဖြင့် ရေအောက်အနက် မီတာ ၅၀၀ ကနေ ၈၀၀ ကြားရှိတဲ့ ရေအောက်ပစ်မှတ်တွေကို မရှာနိုင်ပါဘူး။

နောက်တစ်ချက်ကကျတော့ အမေရိကန်တို့ရဲ့ ရေအောက်ရေဒါဖြစ်တဲ့ ဆိုနာစနစ်ဟာလည်း ပစ်မှတ်တွေကို တွေ့ရှိနိုင်ပေမယ့် အဲဒီပစ်မှတ်ဟာ ငါးမန်းတစ်ကောင်လား၊ ရေအောက်သွားယာဉ် လားဆိုတာကို အမျိုးအမည်မခွဲခြားနိုင်ပါဘူး။

တကယ်လို့များ ရေအောက်သွားယာဉ်ကို သမားရိုးကျပုံစံနဲ့ မတည်ဆောက်တဲ့အပြင် ကိုယ်ထည်ပြင်ပ အတွက် လိုအပ်တဲ့ပစ္စည်းတွေကိုလည်း သမားရိုးကျ မဟုတ်တဲ့ပစ္စည်းတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဆိုနာစနစ်က ပစ်မှတ်ကိုခွဲခြားရခက်သွားပါပြီ။

ဥပမာအားဖြင့် ငါးမန်းအရေခွံလိုမျိုး ဇီဝပေါင်းစပ်ပစ္စည်းတွေကို အသုံးပြုမယ်၊ နျူကလီးယားစွမ်းအင်  အသုံးပြုမယ်၊ နျူကလီးယားထိပ်ဖူး အသုံးပြုမယ်ဆိုရင်   သူ့ရဲ့ခြိမ်းခြောက်နိုင်စွမ်းက  ဘယ်သူနဲ့မှတူမှာ မဟုတ်တော့ပါဘူး။

အထူးသဖြင့် မြေပြင်ဒုံးကျည်ပစ်ပေါက်တွေကနေ ပစ်လွှတ်လိုက်တဲ့ အမြင့်ပျံဒုံးကျည်တွေရဲ့ ခြိမ်းခြောက် မှုထက် အဲဒီရေအောက်ယာဉ်ရဲ့ခြိမ်းခြောက်မှုက ပိုကြီးနိုင်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့   ဇီဝပေါင်းစပ်စက်ရုပ်နည်းပညာက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တော်တော်လေး ကို အဆင့်မြင့်လာတာ တွေ့ရပါတယ်။ စက်ရုပ်ငါးတစ်ကောင်ရဲ့ ရေကူးခြင်း၊ အမြီးနဲ့ခန္ဓာကိုယ်လှုပ် ရှားခြင်း တို့ဟာ တကယ့်ငါးအစစ်အတိုင်းပါပဲ။

ဒီနည်းပညာကို ရေအောက်သွားယာဉ်မှာသာ ထည့်သွင်းအသုံးပြုလိုက်နိုင်မယ်ဆိုရင် အပေါ်ကပြောခဲ့ သလိုမျိုးပဲ အရာဝတ္ထုတွေနဲ့သတ္တုတွေကို ခွဲခြားနိုင်စွမ်းမရှိတဲ့ ဆိုနာတွေကို ကောင်းကောင်းကြီး လှည့်စားနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တရုတ်တို့က သူတို့ရဲ့နည်းပညာစိတ်ကူးကို   ထုတ်ဖော်ပြသတဲ့အဆင့်ပဲရှိပါသေးတယ်။ ဒါပေမဲ့ သိပ်မကြာခင်အချိန်မှာ   အဲဒီစိတ်ကူးက လက်တွေ့အကောင်အထည်ပေါ်လာမှာပါ။

ဒီစိတ်ကူးကြောင့်ပဲ   တရုတ်နိုင်ငံရဲ့ရေအောက်တိုက်ခိုက်ရေးစွမ်းရည်များက သူမတူအောင်တိုးတက် လာပါလိမ့်မယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ ပင်လယ်ရေကြောင်း တိုက်ခိုက်ရေး စွမ်းပကားများကလည်း   တော်ရုံအားဖြင့် လိုက်လို့မမီနိုင်အောင်အထိ တိုးတက်လာမှာဖြစ်ပြီး ဒီလိုမျိုးတိုးတက်မှုဟာ အမေရိကန်နိုင်ငံ အတွက်တော့ ဖြုံလောက်တဲ့ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနိုင်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။   ။

Ref: CA

ထက်မြတ်