သွန်းခါညောင်ရေ အေးပါစေ

သွန်းခါညောင်ရေ အေးပါစေ

မြန်မာပြက္ခဒိန်တွင် ဆယ့်နှစ်လရာသီရှိပြီး ဆယ့်နှစ်လရာသီပတ်လုံးနေ့ထူးနေ့မြတ် အထိမ်းအမှတ်ပွဲများ ကျင်းပလေ့ရှိသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည့်အလျောက် လပြည့်၊ လကွယ် စသည့် ရက်များတွင် သီတင်းသီလ ဆောက်တည်ကြရုံမက ဘာသာရေးဆိုင်ရာပွဲများကိုလည်း ရိုးရာဓလေ့ ထုံးတမ်း စဉ်လာအရစည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။

ကဆုန်လ

ကဆုန်လသည် အခေါ်အဝေါ်အရ “က” မှာ “ရေ” ဟု အနက်ရသည်။ “ဆုန်” မှာကား သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။

ထို့ကြောင့်ကဆုန်လသည် ရေသွန်းလ၊ ရေလောင်းလ၊ ရေဖျန်းလဟု အဓိပ္ပာယ်ရရှိသည်။ ရှေးဟောင်း ပုဂံခေတ်သက္ကရာဇ် ၄၆၉ တွင် ရေးထိုးသည့် ထီးလှိုင်ရှင်ကျောက်စာမှစ၍ “ကုဆုန်” ဟု ရေးထိုးကြသည်။

“ကုဆုန်” မှ “ကဆုန်” အရေးအသားသို့ ရွေ့လျောသွားသည်။ “ကုဆုန်”၊ “ကဆုန်လ” အခေါ်အဝေါ်သည် မြန်မာတို့၏ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းအစဉ်အလာမှ လွှမ်းမိုးလာဟန်တူသည်ဟုလည်း မှတ်သားရသည်။ ညောင်ရေသွန်းပွဲတော် ကျင်းပသည်မှာလည်း ပုဂံပြည်သို့ သာသနာတော် ရောက်သည်မှ အစပြုနိုင်ကြောင်း ညွှန်ပြကြသည်။

ကဆုန်လပြည့်နေ့၏ ထူးခြားချက်များ

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့ သည်။

ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားကို သက္ကတိုင်း ကပိလဝတ် (နီပေါ နိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော   သိရီမဟာမာယာမိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ဝိသာခါနက္ခတ်နှင့် စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ  ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့ သည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားသည် ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ မဟာသက္ကရာဇ်  ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့တွင်မူ မလ္လာမင်းတို့၏အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။

ဤသို့သောထူးခြားချက် (၄)ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့ အား ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြသည်။  ထို့ကြောင့် ကဆုန်လပြည့်နေ့ကို ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ ဟု အကျဉ်းချုပ် မှတ်သားကြသည်။

ဘုရားအလောင်းတော်သည် မဟာဗောဓိပင်ကို အမှီပြု၍ အရှေ့ဘက်သို့ မျက်နှာပြုပြီး အပရာဇိတ   ပလ္လင်ပေါ်တွင် ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူကာ ဘုရားမဖြစ်သမျှ  ဤနေရာမှ မထတော့ပြီဟု အင်္ဂါ လေးပါး ဝီရိယတရားတို့ဖြင့်ထိုင်တော်မူစဉ် ဝသ၀တ္တီနတ်ပြည်မှ မာရ်နတ်သည် ၎င်း၏ အခြံအရံ နတ်သားများနှင့် အရှေ့၊ လက်ဝဲ၊ လက်ယာ၊ အထက်ယူဇနာများစွာ ထုထည်ကြီးမားလှစွာသော   မာရ်စစ်သည်များနှင့်တကွ ကိုယ်တိုင်လည်း လက်ရုံးတစ်ထောင်ကို ဖန်ဆင်းကာ လက်နက်မျိုးစုံ စွဲကိုင်လျက်  ယူဇနာ   ၁၅၀   ရှိသည့်  မေခလာဆင်ကိုစီးကာ ကြောက်မက်ဖွယ်  ပုံသဏ္ဌာန်အဆင်း၊ အသံများဖြင့် တစ်ခဲနက် ကြွေးကြော်တိုက်ခိုက်ကြသည်။ သို့ရာတွင် ဘုရားအလောင်းတော်၏ ဘဝများစွာတွင် ဖြည့်ကျင့်ခဲ့သော ပါရမီကုသိုလ်တော်နှင့် မေတ္တာဓာတ်တို့ကို မယှဉ်နိုင်သည့်အတွက် တိုက်ခိုက်မှုမှန်သမျှ အရေးနိမ့်ခဲ့ရကာ မာရ်နတ်နှင့် အပေါင်းအပါတို့ ဝသ၀တ္တီနတ်ပြည်သို့ တပ်ခေါက်ပြန်ပြေး ကြရသည်။ ထို့ပြင် ကိလေသမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ် ဟူသော  မာရ်လေးပါးတို့ကိုလည်း အောင်မြင်တော်မူခဲ့သည်။ ကဆုန်လပြည့်နေ့တွင် မာရ်ငါးပါးကို အောင်မြင် တော်မူခြင်းကြောင့် မာရ်အောင်မြင်သောနေ့လည်း ဖြစ်ပေသည်။

အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက်

 ကဆုန်လသည် နွေလဖြစ်သည့်အလျောက် ဆည်မြောင်း၊ ကန်ချောင်း၊ ရေတွင်းရေအိုင်တို့ ရေခန်း၊ ရေပြတ်သည့်လဖြစ်သည်။   မြန်မာလများအနက် ဒုတိယမြောက်လ၊ ပြိဿရာသီ၊ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သောလဖြစ်သည်။ ထို့ကြောင့် ပါဠိ၊ သက္ကတ၊ ဟိန္နီ၊ ဘင်္ဂါလီဘာသာတို့တွင် ကဆုန်လကို “ဝိသာခါ”(Vesaka) ဟုခေါ်ကြသည်။ ယင်းမှဆင်းသက်ကာ ကဆုန်လပြည့်နေ့ကို Vesak Day ဟု ခေါ်ဝေါ်ကြသည်။ ခရစ်နှစ် ၁၉၉၉ ခုနှစ်မှစ၍ ကဆုန်လပြည့် (Vesak Day)သည် အပြည်ပြည် ဆိုင်ရာရုံးပိတ်ရက် “Vesak Universal Holiday” ဖြစ်လာခဲ့သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် “အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကွန်ဖရင့်” တွင် ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်ရေး ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂသို့ အဆိုတင်သွင်းခဲ့ရာ  (၅၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာအပါအဝင် အာရှဗုဒ္ဓဘာသာနိုင်ငံများ၊ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ အပါအဝင် နိုင်ငံ ၃၄ နိုင်ငံက ထောက်ခံခဲ့သည်။ သို့ဖြင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် “Vesak Universal Holiday” အဖြစ် သတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တွင် ဗုဒ္ဓဘုရားရှင်၏ သာသနာတော် သည်  ကမ္ဘာပေါ် တွင် သက်တမ်းရှည်ကြာသည့် သာသနာဖြစ်ပြီး ဘုရားရှင်၏အဆုံးအမတော်သည်လည်း နှစ်ပေါင်း ၂၅၀၀ ကျော်သည့်တိုင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနှင့် ငြိမ်းချမ်းရေးတို့ကို ပေးခဲ့ပြီး နောင် အနာဂတ်တွင်လည်း ကမ္ဘာ့လူသားတို့ အပေါ် ဆက်လက်သက်ရောက်နေမည်ဖြစ်ကြောင်း ဖော်ပြခဲ့ သည်။

ညောင်ရေသွန်းပွဲတော်

မြန်မာနိုင်ငံ၌ ရှေးဘုရင်များရှိခဲ့စဉ်က ကဆုန်လတွင်ကျင်းပသော ညောင်ရေသွန်းပွဲတော်သည် ဘုရင်မင်းမြတ် ကိုယ်တော်တိုင်ကြီးမှူးကျင်းပ၍ အလွန်ကြီးကျယ်ခမ်းနား စည်ကားလှသည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းတရားလက်ထက်တွင် မဲဇာသို့အပို့ခံရသော လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် ကဆုန်လပြည့်နေ့တွင်   မဲဇာရပ်သူတို့   ကျင်းပသွန်းလောင်းကြသော ညောင်ရေပွဲ သဘင်ကို တွေ့မြင်လိုက်ရသည့်အခါ ရတနာပူရရွှေမြို့တော်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော   ညောင်ရေသွန်း ပွဲတော်ကြီးကို မြင်ယောင်လာပြီး “ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ် လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်” ဟူ၍ သူရောက်နေသော မဲဇာအရပ်မှ ညောင်ရေသွန်းပွဲကို မှတ်မှတ်ရရ စာဖွဲ့ခဲ့သည်။

 အင်းဝခေတ် ဆယ့်နှစ်ရာသီဖွဲ့ ကဆုန်လဖွဲ့ကို စာဆိုတော် ဆီသည်ရွာစား ဦးအောင်ကြီး ရေးသား သည့် လူးတားတွင် “မိုးသားကျူးစ၊ ကဆုန်လကား၊ လောကထွတ်ထား၊ ဘုရားသခင်၊ ရွှေပလ္လင်ဝယ်၊ ရွှေပင်ရောင်တောက်၊ ညောင်တော်အောက်၌၊ ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ မဉ္ဇူလှရာ၊ ပန်းတကာကို၊ မြူတာတကောင်း၊ မသင်းတောင်းဝယ်၊ သွန်းလောင်းရေပြည့်၊  ဖြိုးမျှထည့်လျက်၊ ပတ်လည့်ညာကြေ၊ ရှင်တော်မွေကို၊ ရိုသေသဘင်၊ ပွဲကြီးယင်၍၊ ကြည်လင်သဒ္ဓါ၊ ငြိမ်းကြောင်းရှာသည်၊ အခါညောင်ရေသွန်းတည့်လေး၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး” ဟု ဖွဲ့ဆိုထားသည်။ ညောင်ရေသွန်းလောင်းသည့် ကဆုန်လရာသီပွဲတော်ကို ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ယနေ့ အထိ ကျင်းပဆဲဖြစ်သည်။

ကဆုန်လရာသီသည် နွေလယ်နေဖြစ်သည့်အတွက် ပူပြင်းခြောက်သွေ့သည်။ ထို့ကြောင့် “တန်ခူး ရေကုန်၊ ကဆုန်ရေခန်း” ဟုလည်းကောင်း၊ “ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဟူ၍လည်းကောင်း ဆိုရိုးစကား ရှိသည့်အတိုင်း အလွန်ပူလောင်လှသည်။ ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် ဗောဓိပင်နှင့် ရွှေပလ္လင်တော်ကို မာရ်နတ်မင်း၏ နှောင့်ယှက်မှုများကြားက အောင်မြင်နိုင်ခဲ့ပြီး သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရရှိခဲ့၍ ဘုရားစင်စစ်  ဧကန်ပွင့်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် အထွတ်အမြတ်ထားသည့် ဗောဓိညောင်ရွှေ ဗုဒ္ဓဟေပင်ကြီးအား သက်တော်ထင်ရှားမြတ်စွာ ဘုရားရှင် အား ရည်မှန်းပူဇော်၍ ရေသွန်းလောင်းကြခြင်းဖြစ်သည်။ ပူပြင်းခြောက်သွေ့သောအချိန်၌  ဗောဓိ ညောင်ပင် အားညှိုးနွမ်းခြင်းမဖြစ်စေရန် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ရေသွန်းလောင်းပူဇော်ခြင်းအားဖြင့် အေးမြခြင်းနှင့် ပြည့်စုံ၍အပူသောက ဟူသမျှကင်းဝေးပါစေကြောင်း ယုံကြည်လျက် ညောင်ရေသွန်းပွဲ တော်ကိုကျင်းပရခြင်း ဖြစ်သည်။

သွန်းခါညောင်ရေ အေးပါစေ

ကဆုန်လ   ညောင်ရေသွန်းလောင်းခြင်းနှင့်ပတ်သက်၍ လောကဗျူဟာအင်ရုံစာတမ်းတွင် ထူးခြားသော မှတ်ချက် တစ်ခုရှိသည်။ “ကဆုန်နယုန် ဆွေ့ဆွေ့ခုန်” ဆိုရိုးစကားအတိုင်း နွေကာလ၏ အပူဆုံးလများ ဖြစ်၍ ရေခန်းခြောက်သည်။ ရမည်းသင်းမင်းတရားကြီးလက်ထက်တွင် ကဆုန်လမိုးမရွာ၍ အိပ်မက် မြင်မက်ရာ ထိုအိပ်မက်ထဲကအတိုင်း ပတ္တမြားစေတီဘုရား၌ ညောင်ရေသွန်းလောင်းခြင်း ကိစ္စကို စီရင်ခဲ့ရာ မိုးသည်းထန်စွာ ရွာချခဲ့ကြောင်းနှင့် မိုးခေါင်ရေရှားသောအရပ်များတွင် မိုးကြီးရွာချစေရန် ညောင်ရေသွန်းလောင်းသော ဓလေ့ရှိခဲ့ကြောင်း လေ့လာသိရှိခဲ့ရသည်။

ကဆုန်လပြည့်နေ့တွင် ဘုရားစေတီများရှိ ဗောဓိညောင်ပင်များတွင် မိသားစုအလိုက်သော်လည်း ကောင်း၊  အသင်းအဖွဲ့များ အလိုက်သော်လည်းကောင်း စုပေါင်း၍ညောင်ရေသွန်းလောင်း ကုသိုလ်ပြုကြ သည်။ သက်တော်ထင်ရှားမြတ်စွာဘုရားရှင်အား ရည်မှန်းပူဇော်၍ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ် လျက် စိတ်နှလုံးချမ်းမြေ့မှုကိုရယူကြသည်။ ပူပြင်းခြောက်သွေ့သော ကာလတွင် အပူသောကများ ကင်းဝေးပါစေကြောင်း တောင်းဆုပြု၍ ညောင်ရေသွန်းလောင်းကြရသည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ညောင်ရေသွန်း လောင်းလျက် ကုသိုလ်တရားများ ပွားများကာ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာပါ စေကြောင်း ဆုမွန်ကောင်းဖြင့် ရေးသားလိုက်ရပေသည်။

ကိုးကားချက်

မြန်မာစာညွန့်ပေါင်းကျမ်း

ဦးဖိုးလတ်၏မြန်မာလအမည်များ

မေတ္တာမိုးနှင်း(ပဲခူး)