ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်(၄)

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်(၄)

ယမန်နေ့မှအဆက်

ဒုတိယနည်းမှာ သုံးစွဲပြီး စွန့်ပစ်လိုက်သည့်ရေဆိုးအားလုံးကို ပြန်လည် ပြုပြင်သုံးစွဲခြင်းဖြစ်သည်။ ရေသန့်စင် စက်ရုံကိုးရုံရှိသည်။ ဤလုပ်ငန်းကို Public Utilities Agency (PUB) မှ တာဝန်ယူ ဆောင်ရွက်သည်။ ဤသို့ပြုလုပ်သုံးစွဲသည့် ရေပမာဏသည် စင်ကာပူတစ်နိုင်ငံလုံး၏ ၃၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်သည်။

တတိယနည်းမှာ ပင်လယ်ရေကို ပြုပြင်သုံးစွဲခြင်းနည်း (Desalination) ဖြစ်သည်။ ဤသို့ သုံးစွဲသည့် ပမာဏသည် စင်ကာပူတစ်နိုင်ငံလုံး၏ ၁၀ ရာခိုင်နှုန်းအထိ များပြားသည်။  ဤလုပ်ငန်းစဉ်ကို ၂၀၀၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။

နောင်လာမည့်ကာလများမှာ ရေဆိုးပြန်လည်သန့်စင်မှုကို တိုးမြှင့်ပြုလုပ်ပြီး ၄၀ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းရေး၊ ပင်လယ်ရေပြုပြင်ခြင်းကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်ရေး၊ ၂၀ ရာခိုင်နှုန်းကို ရွာသွန်းမိုးကို ထိရောက်အောင် ရယူသုံးစွဲဖြည့်ဆည်းရေးနှင့် စတုတ္ထနည်းဖြစ်သော မလေးရှားနိုင်ငံမှ ရေဝယ်ယူတင်သွင်းမှုကို ၁၀ ရာခိုင်နှုန်းထက်မကျော်အောင် ထိန်းထားနိုင်ရေး စသည့်ရည်မှန်းချက်များ ရှိပြီးဖြစ်သည်။

ထူးခြားသည်မှာ စင်ကာပူနိုင်ငံသားတစ်ဦးချင်းစီ၏ ရေအသုံးပြုမှုမှာ ပျမ်းမျှ နေ့စဉ် ၁၅၅ လီတာ (၃၄ ဂါလန်) သာရှိသည်အထိ လျှော့ချသုံးစွဲ ကြသည်။

စင်ကာပူနိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမားခြင်းနှင့် သဘာဝက ပေးထားပြီးဖြစ်သည့် ပထဝီ အနေအထားကို အကောင်းဆုံး နှင့် အထိရောက်ဆုံးအသုံးချနိုင်ခြင်းကြောင့် ရေချိုရှားပါးသော်လည်း တတိယကမ္ဘာမှ ပထမကမ္ဘာသို့ နှစ် ၃၀ အတွင်း ရောက်ရှိလာခဲ့သည်။

အခန်း (၃)

အာရပ်စော်ဘွားများပြည်ထောင်စု၏ ရေအသုံးချမှု

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် ပါရှန်ပင်လယ်ကွေ့ နှင့် အိုမန်ပင်လယ်ကွေ့တို့ကို မျက်နှာပြုထားသည်။ အိုမန်၊ ဆော်ဒီအာရေ ဗျတို့နှင့် နယ်နိမိတ်ထိစပ်နေပြီး မြောက်ဘက်တွင် ကာတာ၊ ဘာရိန်း တို့ရှိနေသည်။ လူဦးရေမှာ ၂၀၁၉ ခုနှစ်စာရင်းအရ ၉ ဒသမ ၇၇ သန်းရှိ သည်။ ၁၉၇၁ ခုနှစ်မှစ၍ ခြောက်နိုင်ငံပြည်ထောင်စုအဖြစ် စုစည်းခဲ့ သည့်နိုင်ငံဖြစ်သည်။ Abu Dhabi, Dubai, Sharjah, Ajman, Umm AL-Quwain နှင့် Fujairah တို့ စုစည်းထားသည်။ ၁၉၇၂ ခုနှစ်အရောက် တွင် Ras AL Khaimah က ပူးပေါင်းလာ၍ ယနေ့ UAE နိုင်ငံသည် ခုနစ်နိုင်ငံ စုပေါင်းဖွဲ့စည်း ထားသော ပြည်ထောင်စု ဖြစ်လာသည်။ Abu Dhabi သည် မြို့တော်ဖြစ်သည်။ Dubai သည် စီးပွားရေးမြို့ဖြစ်သည်။ UAE သည် ၁၉၇၁ ခုနှစ်နောက်ပိုင်းတွင် သိသာစွာ တိုးတက်လာသော နိုင်ငံဖြစ်သည်။ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကျင့်သုံးသည်။ Federal National Council ဟုခေါ်သည့် အုပ်ချုပ်ရေး ကောင်စီဖြင့် အုပ်ချုပ်သည်။ ကောင်စီတွင် အဖွဲ့ဝင် ၄၀ ပါသည်။ ထက်ဝက်မှာ ခန့်ထားခံရသူများဖြစ်ပြီး ထက်ဝက်မှာ ရွေးချယ်ခံများ ဖြစ်သည်။

စီးပွားရေးအရ UAE နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product) (GDP) သည်၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၇ ဒသမ ၉ ဘီလီယံရှိသည်။ (မြန်မာ နိုင်ငံ၏ ၂၀၁၉ ခုနှစ် GDP သည် အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၀၉ ဘီလီယံရှိသည်။) ကမ္ဘာ့ရေနံသိုက်၏ ၆ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဓာတ်ငွေ့ သိုက်၏ ၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ ရေနံတင်ပို့မှုတစ်ခုတည်းမှပင် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၆ ဘီလီယံဝင်ငွေရှိသည်။ ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်တွင် ရေနံ မှ ၁၅ ရာခိုင်နှုန်းပါဝင်နေသည်။ ၂၀၁၉ ခုနှစ်စာရင်းအရ လူတစ်ဦးချင်းစီ၏ GDP သည် အမေရိကန်ဒေါ်လာ ၄၃၁၀၃ ရှိသည်။ (မြန်မာတစ်ဦး ချင်း GDP သည် အမေရိကန်ဒေါ်လာ ၁၄၀၇ ဒသမ ၈၁ ရှိသည်။)

UAE နိုင်ငံ၏ အဓိကစီးပွားရေးမှာ ရေနံတူးဖော်မှု၊ ရေနံဓာတုဗေဒလုပ်ငန်း၊ ငါးလုပ်ငန်း၊ ဘိလပ်မြေ၊  ဓာတ်မြေသြဇာထုတ်လုပ်ခြင်း၊ တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊  ပင်လယ်ကူးသင်္ဘောများ ပြုပြင်ခြင်း၊ လက်ဆောင်ပစ္စည်းနှင့် အထည်အလိပ်လုပ်ငန်းများ ဖြစ်သည်။ ခရီးသွားကဏ္ဍမှာလည်း အထူးဖွံ့ဖြိုးသည်။

၂၀၁၇ ခုနှစ်စာရင်းအရ UAE နိုင်ငံ၏ပို့ကုန်နှင့်သွင်းကုန်တန်ဖိုးများမှာ အမေရိကန်ဒေါ်လာ ၃၀၈ ဒသမ ၅ ဘီလီယံနှင့် ၂၂၉ ဒသမ၂ ဘီလီယံအသီးသီးရှိနေ၍ တစ်နှစ်စာ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံခန့် ကုန်သွယ်မှုပိုငွေဖြစ်နေသည်။ (ကုန်သွယ်မှုပိုငွေမှာ မြန်မာနိုင်ငံမှ နှစ်စဉ်ပြည်ပသို့ တင်ပို့နေသော ရေနံသဘာဝဓာတ်ငွေ့နှင့် ကျောက်သံပတ္တမြား တန်ဖိုးထက် ၂၅ ဆခန့်ရှိသည်။)

UAE နိုင်ငံသည် သဘာဝဓာတ်ငွေ့ကို အခြေခံ၍ လျှပ်စစ်ဓာတ်အားပေးထားသည်။ သို့သော် ၂၀၂၀ ပြည့် နှစ်ဝန်းကျင်မှစပြီး နျူကလီးယားကိုပါ  တွဲဖက်ရန်  စီစဉ်ခဲ့သည်။  ပင်လယ်ရေကိုအသုံးပြု၍ Pump Storage Type ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်နေသည်။ ၂၅၀ မဂ္ဂါဝပ် တပ်ဆင် အင်အားရှိသော Hatta Pump Storage Power Plant Project ဖြစ်သည်။ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် အားလုံးပြီးစီးမည်ဖြစ်သည်။ ၂၀၅၀ ပြည့်နှစ်တွင် အလွန်ဖွံ့ဖြိုးသော Dubai မြို့၏ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်မှ ဓာတ်အားပေးနိုင်ရန် ကြိုတင်ပြင်ဆင်နေသည်။

၂၀၀၉   ခုနှစ်စာရင်းအရ UAE   နိုင်ငံသည် လူတစ်ဦးချင်းစီ၏ ကာဗွန်ထုတ်လွှတ်မှုတွင် ကမ္ဘာ့နံပါတ် (၆) ဖြစ်နေခဲ့သည်။ လူတစ်ဦးတစ်နှစ်လျှင် ကာဗွန် ၄၀ ဒသမ ၃၁ တန်ထုတ်လွှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာပြည်သူတစ်ဦးသည် ကာဗွန် သုည ဒသမ ၆ တန်သာထုတ်လွှတ်ခဲ့၍ UAE ပြည်သူ တစ်ဦးသည်  မြန်မာပြည်သူတစ်ဦးထက် နှစ်စဉ်ကာဗွန်ထုတ်လွှတ်မှု ၆၆ ဆခန့် ပို၍ထုတ်လွှတ်နေကြောင်း တွေ့ရ သည်။

၂၀၅၀ ပြည့်နှစ်တွင် ၄၄ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လည်းကောင်း၊ ၃၈ ရာခိုင်နှုန်းကို ဓာတ်ငွေ့မှလည်းကောင်း၊ ၁၂ ရာခိုင်နှုန်းကို ကျောက်မီးသွေးမှလည်းကောင်း၊ ၆ ရာခိုင်နှုန်းကို နျူကလီးယားမှ လည်းကောင်း မောင်းနှင်၍ ဓာတ်အားပေးရန် စီမံချက်ချထားသည်။

ဆက်လက်ဖော်ပြပါမည်။