MNL League Cup 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ရန်ကုန်ယူနိုက်တက်နှင့်ရတနာပုံအက်ဖ်စီ၊ ရှမ်းယူနိုက်တက်နှင့်ဒဂုံစတားတို့တွေ့ဆုံ

 

MNL League Cup 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ရန်ကုန်ယူနိုက်တက်နှင့်ရတနာပုံအက်ဖ်စီ၊ ရှမ်းယူနိုက်တက်နှင့်ဒဂုံစတားတို့တွေ့ဆုံ

ရန်ကုန်  မေ   ၂၄

MNL League Cup 2024 ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ တာဝန်ရှိသူများ၊ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်လာခဲ့ကြသည့်အသင်းများမှ   နည်းပြများနှင့် ကစားသမားများ  တက်ရောက်ခဲ့ကြပြီး မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့ကြသည်။

MNL League Cup 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့  အုပ်စု(A)တွင် ရန်ကုန်ယူနိုက်တက်အသင်း၊   အုပ်စု(B)တွင် ရှမ်းယူနိုက်တက်အသင်း၊   အုပ်စု(C)တွင်   ဒဂုံစတားအသင်း၊   အုပ်စု(D)တွင် ရတနာပုံအက်ဖ်စီ အသင်းတို့က  အုပ်စုပထမနေရာ အသီးသီး ရပ်တည်နိုင်ခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်သို့   တက်ရောက်နိုင်ခဲ့သည်။

MNL League Cup 2024 ပြိုင်ပွဲဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်များအဖြစ် သုဝဏ္ဏအားကစားကွင်း၌  မေလ ၂၅ ရက်(ယနေ့)တွင်   ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်း၊ မေလ ၂၆ ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံစတားအသင်းတို့  အသီးသီး ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။

စည်သူအောင်