ပဲခူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 

ပဲခူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်  ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက  ပဲခူးမြို့  မြို့တော်ခန်းမ၌ ကျင်းပရာ   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့  မြို့အနောက်(ခ) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့်  သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက်    ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က  ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ အရည်အသွေးရှိသော  ပညာရေးသင်ယူခွင့်ရရှိရေး၊ KG+9 ပညာရေးပြီးဆုံးသည်အထိ ပညာသင်ကြားခွင့် ရရှိရေးနှင့် KG+9 အလွန်ပညာရေးတွင် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့်   စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အတတ်ပညာများ သင်ယူခွင့်ရရှိရေးသည် ယခုပညာသင်နှစ်၏ အဓိကမျှော်မှန်းချက်များ ဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ တိုင်းပြည်အတွင်း ပညာတတ်များပေါများမှသာ အေးချမ်းတည်ငြိမ်သော လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မည်ဖြစ်၍ အခြေခံအကျဆုံးဖြစ်သည့်   ကျောင်းနေအရွယ်ကလေးအားလုံး    ကျောင်းနေရေးနှင့် KG+9 ပညာရေး ပြီးမြောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သဘောထားကာ  အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများကို ခရိုင်ပညာရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့သည်။  ၎င်းနောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက   ကျောင်းအပ်စို့ သီချင်းဖြင့်    သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေး ကျောင်းသား၊ ကျောင်းသူများအား   ဆုငွေများချီးမြှင့်ပေးခဲ့ကာ ကျောင်းအပ်နှံနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၌  အခြေခံပညာကျောင်းပေါင်း ၄၉၆၉ ကျောင်းရှိရာ  နိုင်ငံတော်မှ  ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဗလာစာအုပ် ၈၆၉၈၇၄ ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ် ၆၇၂၃၀၇၉ အုပ်၊ ခဲတံ ၉၈၄၂၁၅ ဒါဇင်၊  ဘောပင် ၅၈၇၆၃ ဒါဇင်၊ ကျောင်းဝတ်စုံ ၆၃၆၉၈၅ စုံတို့အား  အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း   သိရသည်။

(၄၀၁)၊ တင်စိုး(ပဲခူး)