အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် အနည်းဆုံးလူကိုးဦး သေဆုံး

 

အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် အနည်းဆုံးလူကိုးဦး သေဆုံး

အိန္ဒိယနိုင်ငံအနောက်ပိုင်းရှိ ရာဂျက်စသန်ပြည်နယ်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် အနည်းဆုံး လူကိုးဦးသေဆုံးခဲ့ကြောင်း မီဒီယာများက မေလ ၂၄ ရက်တွင် ဖော်ပြသည်။

သေဆုံးသူများသည် ရာသီဥတုပူပြင်းလွန်းခြင်းကြောင့် ချွေးထွက်လွန်ပြီး   နာမကျန်းဖြစ်ကာ   သေဆုံးသွားခြင်း ဖြစ်ကြောင်း မီဒီယာများတွင် ဖော်ပြထားသော်လည်း သေဆုံးရသည့် အကြောင်းရင်း အတိအကျကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ကြောင်း ပြည်နယ်သဘာဝကပ်ဘေးစီမံခန့်ခွဲရေး အဖွဲ့မှ တာဝန်ရှိသူများ ကပြောသည်။ ရာဂျက်စသန်ပြည်နယ်ရှိ ဘားမားမြို့တွင် မေလ ၂၃ ရက်က အပူချိန်မှာ ၄၈ ဒသမ ၈ ဒီဂရီအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ဒေသတွင်း၌ ပြင်းထန်သည့် အပူလှိုင်းဖြတ်သန်းနိုင်မှုနှင့်စပ်လျဉ်း၍ မိုးလေဝသဌာနမှ တာဝန်ရှိသူများက  သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် မေလအတွင်း အပူချိန်မြင့်တက်လေ့ရှိပြီး မြို့တော်နယူးဒေလီတွင် မေလ၂၅ ရက်၌ အပူချိန် ၄၅ ဒီဂရီခန့်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားရာ အနည်းဆုံးလူခုနစ်ဦး သေဆုံးပြီး အချို့ဒေသများ၌ လေကြောင်းခရီးစဉ်များကိုပါ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။                 

 Ref: ST