ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

နိုင်းမြစ်ပေါ်မှာ Aswan တမံတည်ဆောက်ခဲ့သောအချိန်သည် စစ်အေးကာလ၊ ဆိုဗီယက်ရုရှား အရှေ့အုပ်စုနှင့် အမေရိကန်အနောက် အုပ်စုအားပြိုင်မှု အပြင်းထန်ဆုံးကာလဖြစ်ခဲ့သည်။ ဤကာလ များ မတိုင်မီ ကတည်းက အမေရိကန်ရော ဆိုဗီယက်ရုရှားပါ တမံကြီးပေါင်း မြောက်မြားစွာ တည်ဆောက်ပြီး ရေအားလျှပ်စစ်၊ စိုက်ပျိုးရေး၊ သောက်သုံးရေ ရရှိရေးနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးကို အပြိုင်လုပ်နေခဲ့ကြသည်။

ဤ Aswan Dam ကို နိုင်းမြစ်ပေါ်တွင်စတင်မည်ဟု အီဂျစ်က ၁၉၆၅ ခုနှစ်ခန့်တွင် အသံလွှင့် လိုက်သည်နှင့် ပြည်ပမှ ထုံးစံအတိုင်း ကိန်းဂဏန်းမျိုးစုံ၊ အချက်အလက်မျိုးစုံ၊ တွက်ချက်မှုမျိုးစုံပြ၍ နည်းမျိုးစုံ ဝေဖန်ကန့်ကွက်သံများ ထွက်လာတော့သည်။ အကြောင်းမှာ ဤတမံကြီး ကို ဆိုဗီယက် ပြည်ထောင်စုမှ ပညာရှင်ပေါင်းမြောက်မြားစွာက လေ့လာ သုံးသပ်ပုံထုတ် အကူအညီပေးနေသော ကြောင့်ဖြစ်သည်။

မှန်ပါသည်။ တမံတစ်ခုတည်ဆောက်လျှင် မြစ်၏မူလဂေဟစနစ်ကို တစ်ခုမဟုတ်တစ်ခု  ထိခိုက်မည်မှာ သေချာပါသည်။  သို့သော်  အချို့ ကိစ္စများသည် ညှိနှိုင်းအဖြေရှာ၍ ရနိုင်ပါသည်။ ဥပမာအားဖြင့် ဥရောပ မှ ဒင်ညုမြစ် (Danube River) တွင် တမံငယ်ပေါင်း ဒါဇင်နှင့်ချီ၍ တည်ဆောက်ထားသည်။ သို့သော် တမံတိုင်း၊ ရေအားလျှပ်စစ်စက်ရုံတိုင်း တွင် Fish Ladder ဟုခေါ်သော ငါးများ အထက် အောက်ကူးနိုင်ရန် တက်၊ ဆင်းရေလမ်းထည့်မထားပါ။ အလားတူပင် ကိုလံဘီယာမြစ်ပေါ်မှ ရာချီသော တမံတိုင်းတွင်လည်း   Fish Ladder   မပါသည့်တမံများ အမြောက်အမြားရှိပါသည်။  အလားတူပင်  တမံတိုင်း  Navigation Lock  မပါရှိကြပါ။ ကိုလံဘီယာမြစ်ဝှမ်းတစ်ခုလုံးတွင် တမံပေါင်း ၄၀၀ ကျော်ကြောင့် ပင်လယ်ဝတွင် ပင်လယ်ရေငန်တိုးလာသည်ဟု ဖော်ပြ ရေးသားမှုများ မတွေ့ပါ။ မြစ်ဝှမ်းတစ်ခုတွင် တမံပေါင်းရာချီ တည်ဆောက်လိုက်ခြင်းကြောင့် ပင်လယ်ဝတွင်  ရေငန်အထိုက် အလျောက်တိုးလာ နိုင်သည်။ သို့သော် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တပ်ဆင်ထားသော တမံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ မူလ မြစ်/ချောင်းအတိုင်းပင် ပုံမှန်ရေလွှတ်ပေးနေခြင်း ဖြစ်သည် ကိုလည်း မေ့ထား၍မရပါ။ ဥရောပမြစ် နှင့် အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ တောင်အမေရိက မြစ်များ သည် ဒေသမတူလျှင် စီးဆင်းမှုပုံသဏ္ဌာန် မတူကြပါ။

ဥရောပမှမြစ်အများစုမှာ ရေခဲမြစ်များဖြစ်ကြသည်။ ရေခဲမြစ်မဟုတ်လျှင်ပင် ရေခဲတောင်များမှ မြစ်ဖျားခံနေသောမြစ်များ အများစုဖြစ်နေသည်။ ဤမြစ်များတွင် မိုးတွင်းကာလရေကြီးပြီး နွေမှာ ရေခန်းသည်ထိ ဆိုးဆိုးရွားရွားမဖြစ်ကြပါ။

၎င်းဒေသများတွင်  သုံးနှုန်းသောစကားမှာပင်  နှစ်စဉ်မိုးရေချိန်ကို Rain Fall ဟု မသုံးဘဲ Precipitation ဟု ခေါ်ကြသည်။ အကြောင်းမှာ မိုးရွာသွန်းမှုပါသလို ဆီးနှင်းကျမှု ပိုများ၍ ဖြစ်သည်။ နေရာအနှံ့ ဆီးနှင်း ရေခဲများဖုံးနေသောတောင်များကို မြင်နေရသည်။ ရေခဲတောင်များ၏ သဘာဝမှာ နွေရာသီတွင် တဖြည်းဖြည်းချင်း အရည်ပျော်ပြီး မြစ်ရေကိုပါ တဖြည်းဖြည်းချင်း တိုးလာစေသည်။ ဤရေခဲတောင် များသည် ငွေကြေး မကုန်ဘဲရရှိလာသော ရေလှောင်ကန်ကြီးများပင် ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ဖျားမှ ရေခဲတောင်များရေပျော်မှုကြောင့် မတ်လအတွင်း ဧရာဝတီ မြစ်အထက်ပိုင်းဒေသများ ရေတက်လာသည်ကို သတိပြုမိကြလိမ့်မည်။

အလွန်အေးသောဒေသတွင် ပွင့်လင်းရာသီ၌ မိုးရေအနည်းငယ်သာ လိုအပ်သော ဂျုံကဲ့သို့သော သီးနှံများကို စိုက်ကြသည်။ ဆီးနှင်းကျရောက် သောအချိန်တွင် စားရေရိက္ခာများ စိုက်ပျိုးရိတ်သိမ်းပြီး ဂိုဒေါင်များထဲသို့ ရောက်သွားကြပြီဖြစ်သည်။ ရာသီဥတုကလည်း နွေရာသီမှာပင် အထိုက် အလျောက် အေးမြနေ၍ ခြောက်သွေ့မှုသက်သာသည်။ သူ့နေရာနှင့်သူ၊ သူ့ရာသီဥတုနှင့်သူ စားရေရိက္ခာရရှိမှု အဆင်ပြေနေကြသည်။

သို့သော် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသအချို့မှာ သဲကန္တာရ ဖုံးလွှမ်းနေသည်။ အချို့နိုင်ငံများတွင် နှစ်စဉ် မိုးရေချိန် ၁၀ လက်မပင် မပြည့်ကြပါ။

ဤသို့ဆိုလျှင် ၎င်းတို့သည် အသက်ရှင်ရေး မည်ကဲ့သို့စိုက်ပျိုးစား သောက်ကြပါမည်နည်း။ အချို့နိုင်ငံ များတွင် ပြောင်း၊ လူး၊ ဆပ်နှင့် သစ်ဥများ တူးဖော်စားသောက်နေကြရသည်။ ရေအနည်းဆုံးနှင့် ဖြစ် ထွန်းမည့်စားပင်များသာ စိုက်ပျိုးနေကြရသည်။

ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ကဲ့သို့သောနိုင်ငံများတွင် မုတ်သုံကာလတွင်သာမိုးရွာသည်။ ရွာသည့်ကာလလည်း တစ်နှစ်လျှင် လေးလခန့်သာရှိသည်။ နောက် လေးလခန့်မှာ အနည်းငယ်အေးသောကာလဖြစ်၍ မိုးရာသီအရှိန်ဖြင့် အချို့စားသုံးသီးနှံများ စိုက်ပျိုးနိုင် သေးသည်။ သို့သော် ကျန်လေးလတွင်မူ ရေမသွင်းနိုင်လျှင် စားရိက္ခာပင်များ စိုက်မရတော့ပါ။

နှစ်စဉ် မည်သည့်နှင်းမျှလည်း ထူထပ်စွာမကျရောက်သလို ခြောက်သွေ့ရာသီတွင် မည်သည့် ရေခဲတောင်မှလည်း အရည်ပျော်လာစရာ မရှိသည့်နိုင်ငံများ ကမ္ဘာပေါ်တွင် အများအပြားရှိနေသည်။ ဤဒေသ များတွင်ရှိသည့် နိုင်ငံများသည် များသောအားဖြင့် ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲ သောနိုင်ငံများသာ များကြသည်။ အချို့သောနိုင်ငံများသည် ပင်လယ် ထွက်ပေါက် သို့မဟုတ် ပင်လယ်ကို မျက်နှာပြု ထားကြသော်လည်း အချို့နိုင်ငံများမှာ ကုန်းတွင်းပိတ်နိုင်ငံများ ဖြစ်နေကြသည်။

ကုန်းတွင်းပိတ်နိုင်ငံဖြစ်လေ ဖွံ့ဖြိုးရေးလမ်းစ ရှာရခက်လေဆိုသည့် သဘောကိုလည်း သိထားသင့်သည်။ အာဖရိကနိုင်ငံအများစု၏ အခက်အခဲတွင် ဤအခက်အခဲက ထင်ရှားသည်။ ရေချိုကရှား၊ ရာသီဥတုကပူ၊ စားရေရိက္ခာမလုံလောက်၊ ရောဂါထူပြောပြီး ဘက်စုံအကျပ်အတည်းများ ရှိနေကြသည်။

ယနေ့ ချမ်းသာနေကြသည့် နိုင်ငံအချို့တူးဖော်ရရှိနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့အများစုသည် ကမ်းလွန်ပင်လယ်ပြင်များမှ ရရှိနေကြသည်။ ဥပမာအားဖြင့် နော်ဝေနိုင်ငံ၏ အနောက်ဘက်က မ်းခြေဒေသ အချို့သည် ၁၉၇၄ ခုနှစ်မတိုင်မီကာလက တံငါလုပ်ငန်းကိုအခြေပြု၍ စားဝတ်နေရေး ဖြေရှင်းနေခဲ့ကြရသည့် အဆင့်ဖြစ်သည်။ ၁၉၇၄ ခုနှစ် နောက်ပိုင်းကာလများတွင် ကမ်းလွန် သဘာဝ ဓာတ်ငွေ့နှင့်  ရေနံသိုက် တွေ့ရှိလာရာမှ  ကမ်းရိုးတန်းဒေသကြီးအပါအဝင်  နိုင်ငံပါ  ဖွံ့ဖြိုးမှု မြင့်မား လာခဲ့သည်။ ဤကား ပင်လယ်မျက်နှာပြုနိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေးပင်ဖြစ်သည်။ နောက်တစ် ချက်မှာ ပင်လယ်ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရရှိပြီး  နိုင်ငံ့စားရေရိက္ခာအပြင် ပြည်ပဝင်ငွေလည်း  ရရှိ နိုင်သည်။ ပင်လယ်ဆိပ်ကမ်းမြို့များမှာ ပို၍စီးပွားရေးကောင်းရန် အလား အလာရှိကြသည်။

မြန်မာနိုင်ငံကိုကြည့်ပါ။ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ရောင်းချနေသောဝင်ငွေသည်  နှစ်စဉ် ဒေါ်လာ သန်း ၃၀၀၀ ခန့်ဖြစ်ရာ နိုင်ငံ၏ နိုင်ငံခြားငွေ ၂၀ ရာခိုင်နှုန်းခန့် ရှာဖွေပေးနေသည့် လုပ်ငန်းကြီးဖြစ်သည်။ ဤသည်မှာ ပင်လယ်မျက်နှာပြုနိုင်ငံများ၏ အခွင့်အရေးဖြစ်သည်။ ကုန်းတွင်းပိတ်နိုင်ငံများတွင် ဤအခွင့်အရေးမျိုး မရနိုင်ပါ။                    

ဆက်လက်ဖော်ပြပါမည်။