သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင် ပေး

သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင် ပေး

 

နှစ်စဉ်ဇွန်လ ၅ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို အများပြည်သူတို့  အတန်အသင့် သိရှိကြပြီးဖြစ်ပါတယ်။ ယနေ့ မျက်မှောက် ကမ္ဘာမှာကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုပြဿနာများကို မီးမောင်း ထိုးပြပြီး  အလေးထား ဖြေရှင်းဆောင်ရွက်တတ်စေရန်  ရည်ရွယ်လျက် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့  အထိမ်းအမှတ်ဆောင်ပုဒ်များကို နှစ်စဉ် ထုတ်ပြန်  သတ်မှတ်ပေးခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားများကို  ကမ္ဘာ့နိုင်ငံ အသီးသီးရှိ မြို့ကြီးတွေမှာ လှည့်လည်  ကျင်းပလျက်ရှိပါတယ်။ ၁၉၇၃ ခုနှစ်မှ စတင်သန္ဓေတည် ခဲ့ပြီး ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (United Nation Environment Programme-UNEP) က ဦးဆောင်တဲ့ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟာ မျက်မှောက်ကမ္ဘာ မှာ ရင်ဆိုင်နေရတဲ့ အဆိုးရွားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ  ပြဿနာ တွေကို မီးမောင်း ထိုးပြပြီး ပြဿနာတွေကို  အလေးထားဖြေရှင်းစေဖို့၊ ကာကွယ် ထိန်းသိမ်းရေး အလုပ်တွေကို တွန်းအားပေးလုပ်ဆောင်စေဖို့  အမြဲကူညီ နှိုးဆော် ပေးနေတာ လည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့  (၅၁) ကြိမ်မြောက် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့အထိမ်းအမှတ်ဆောင်ပုဒ်ကတော့ "Land Restoration, Desertification and Drought Resilience" “သဲကန္တာရ တိုက်ဖျက် ရေးနှင့်  မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည် ပြုပြင်ပေး” ဖြစ်ပြီး ဆော်ဒီ အာရေဗျနိုင်ငံမှာ အိမ်ရှင်အဖြစ်ကြီးမှူးကျင်းပသွားမှာဖြစ်ပါတယ်။ မြေယာပျက်စီးမှု၊ သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင်ရေရှားမှုတို့ဟာ အစဉ်အမြဲသတိမမူခဲ့ကြပေမယ့် ဆောင်ပုဒ် သတ်မှတ်ချက်အရ မျက်မှောက်ကာလ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေ ဖြစ်နေကြတာကို သတိချပ်သင့်ပါတယ်။ ပြဿနာသုံးခုကလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်သက်ရောက်ကြတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို လက်ခံကြီးမှူးကျင်းပတဲ့ အနောက်အာရှမှာ ဒုတိယမြောက်အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အသုံးပြု ကာ နိုင်ငံမှာ ပျက်စီးယိုယွင်းနေတဲ့ မြေယာတွေကို ၂၀၄၀ ပြည့်နှစ်မှာ ၅၀ ရာခိုင်နှုန်း အထိ လျှော့ချပြုပြင်ရန် ရည်မှန်းထားပြီး ဆော်ဒီနိုင်ငံရဲ့ နိုင်ငံတကာမှာ ခေါင်းဆောင်မှု ပေးနိုင်တဲ့အချက်ကိုလည်း အောက်မေ့ ဂုဏ်ပြုအပ်ပါတယ်။

သဲကန္တာရဖြစ်ထွန်းခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ  ထင်ရှားတဲ့ ပတ်ဝန်းကျင် ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။ အဲ့ဒီပြဿနာကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ခန့်ကစပြီး ကမ္ဘာက သတိပြုမိလာကြတာပါ။ ဒါကြောင့် ၁၉၉၂ ခုနှစ် ရီယိုကမ္ဘာ့ထိပ်သီးအစည်းအဝေးမှာ ကန္တာရဖြစ်ထွန်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း တွေဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းကို စိန်ခေါ်နေတဲ့ အရာတွေဖြစ်တယ်လို့ သတ်မှတ်ခြင်းခံထားရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံက “ကုလသမဂ္ဂ  သဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD)” ကို တည်ထောင်ခဲ့ပြီး ဆုံးဖြတ်ချက်အမှတ် A/RES/49/115 ဖြင့် နှစ်စဉ် ဇွန်လ ၁၇  ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သဲကန္တာရ ဖြစ်ထွန်းမှုနှင့်မိုးခေါင်မှုတိုက်ဖျက်ရေးနေ့” (International Day Against Desertification, and Drought) ကို သတ်မှတ်ခဲ့ပါတယ်။ ယခုနှစ်ဟာ သဲကန္တာရ  တိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှစ်(၃၀)ပြည့်မြောက်တဲ့မှတ်တမ်းနှစ်လည်းဖြစ်ပါတယ်။

သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင်မှုတိုက်ဖျက်ရေး အတွက်၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိကို  ကုလသမဂ္ဂသဲကန္တာရနှင့် သဲကန္တာရ တိုက်ဖျက်ရေး  ဆယ်စုနှစ် အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်  တည်ထောင်ရေး ဆယ်စုနှစ် (UN Decade on Ecosystem Restoration)  အဖြစ် သတ်မှတ်ထားရှိ ပါတယ်။ ဆောင်ပုဒ်သတ်မှတ်ချက်ရဲ့ မြေယာပြန်လည်  ပြုပြင်ပေး (Land Restoration) လုပ်ငန်းစဉ် ကလည်း ဆယ်စုနှစ် ဂေဟစနစ် တည်ထောင်ရေး  အတွက် အဓိကမဏ္ဍိုင် (Key Pillar) တစ်ခုလည်း  ဖြစ်ပါတယ်။

ကမ္ဘာ့နေရာအနှံ့အပြားမှာ နှစ်စဉ် မြေဟက်တာ ၁၂ သန်းခန့်ဟာ သဲကန္တာရ ဖြစ်ထွန်းမှုကြောင့် စိုက်ပျိုး၍မရတဲ့မြေတွေအဖြစ် ပြောင်းလဲဖြစ်ပေါ်စေခဲ့ပါတယ်။ ယင်းအကျယ်အဝန်းဟာ တောင်အာဖရိကနိုင်ငံ အကျယ်အဝန်းရဲ့ ဆယ်ပုံတစ်ပုံစာ ရှိတယ်လို့ အချက်အလက်တွေက ဆိုပါတယ်။ မြေတွေဟာ အပင်တွေရဲ့ အကာအရံ ကင်းမဲ့တဲ့အခါ ရေ၊ လေတို့ရဲ့တိုက်စားမှုကို ခံလာရပါတယ်။ ဥပမာအားဖြင့် တောင် အာဖရိကနိုင်ငံမှာ ရေတိုက်စားခံရမှုကြောင့် နှစ်စဉ် အပေါ်ယံမြေသားတန် သန်း ၃၀၀ မှ ၄၀၀ ခန့်အထိ ဆုံးရှုံးနေရပါတယ်။ ကမ္ဘာအနှံ့အပြား ယနေ့ကြား

နေရတဲ့ အသံတွေရှိပါတယ်။ "Our lakes are shriveling up. Our forests are disappearing. Our farms are turning into dustbowls" “ ငါတို့ သစ်တော တွေက ပျောက်ရှရှ။ ငါတို့လယ်တွေက ဖုန်ထထ” စသည်ဖြင့် ယိုယွင်း ပျက်စီး မှုတွေ ဖြစ်ပါတယ်။ လက်ရှိတွင်လည်း ကမ္ဘာ့မြေဆီလွှာ ငါးပုံတစ်ပုံဟာ စိုက်ပျိုးမြေ အဖြစ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာလည်း ယခုနှစ် ၂၀၂၄ ခုနှစ်မှာစစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးစတဲ့ အလယ်ပိုင်းဒေသတွေဟာ ကမ္ဘာ့အမြင့်ဆုံး အပူချိန်စံချိန်သစ်တွေနဲ့အတူ ကမ္ဘာကျော်နေပါတယ်။ သစ်ကြီး ဝါးကြီး ပေါက်ရောက်မှုနည်းပါးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ အခါမဲ့ ပြင်းထန် မိုးခံ စားရခြင်း တို့ကြောင့် အပေါ်ယံမြေဆီလွှာဆုံးရှုံးမှုနဲ့အတူ အပင်များ သဘာဝမျိုး ဆက်ရန်ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ ၎င်းအခြေအနေတွေဟာ ကန္တာရ ဖြစ်ထွန်းမှု (Desert Like Formation) ကို ဦးတည်နေတဲ့ အခြေအနေ တွေ ဖြစ်တယ် ဆိုတာ သတိချပ်သင့်ပါတယ်။

ဒီနေရာမှာ ကုလသမဂ္ဂ သဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD) ရဲ့မျှော် မှန်းတွက်ချက်မှုတွေကိုလည်း မှတ်မှတ်သားသား ဖော်ပြလိုပါတယ်။ ကမ္ဘာပေါ်မှာ သဲကန္တာရဖြစ်ထွန်းနိုင်တဲ့ အခြေအနေတွေကြောင့် နောင်ဆယ်နှစ် အတွင်း လူသန်း ပေါင်း ၅၀ ကျော် အပူပိုင်းနေရပ်ဒေသမှ အခြားဒေသတွေသို့ ပြောင်းရွှေ့ ကြရမည် ဖြစ်ကြောင်း ခန့်မှန်းထားချက်၊ ၂၀၅၀ ပြည့်နှစ်မှာ မိုးခေါင်မှုနဲ့ ပူပြင်းခြောက်သွေ့မှု အကျိုးဆက်တွေဟာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံသုံးပုံအပေါ် သက်ရောက်နိုင်တယ်လို့ ခန့်မှန်းချက်၊ ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး မိုးခေါင်မှုကာလ အကြိမ် အရေအတွက်ဟာ ၂၉ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လူပေါင်း ၅၅ သန်းဟာ မိုးခေါင်မှုဒဏ်ကို နှစ်စဉ်ခံစားရမည်ဖြစ်ကြောင်း ခန့်မှန်းချက်၊ ၂၀၄၀ ပြည့်နှစ်မှာ ကလေး လေးဦးလျှင် တစ်ဦးနှုန်း ရေပြတ်လပ်မှုဒဏ် ခံစားရမည်ဖြစ်ကြောင်း ခန့်မှန်းချက်၊ ၁၉၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မိုးခေါင်မှု၊ ပူပြင်းခြောက်သွေ့မှုကြောင့် လူပေါင်း ၂ ဒသမ ၇ သန်းအပေါ် သက်ရောက်ခဲ့ပြီး ၁၁ ဒသမ ၇ သန်း အသက်ဆုံးရှုံးခဲ့ ရကြောင်း ခန့်မှန်းဖော်ပြချက်တို့ဖြစ်ပါတယ်။ တွက်ချက်ခန့်မှန်းမှုတွေ ကို (Projection) လို့သုံး နှုန်းပြီး ၎င်းခန့်မှန်းချက်တွေဟာ အမှန်တကယ် ဖြစ်လေ့ရှိပြီး  ခန့်မှန်း ဖြစ်ပေါ်မှု တွေဟာ ကမ္ဘာလောကအတွက်  အဆင်မပြေသော၊ မနှစ်မြို့ဖွယ်ဖြစ်သော အခြေ အနေတွေကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝေါဟာရမှာ မသက်သာတဲ့ အမုန်းတရား (Inconvenience Projection) ဆိုတာ ပြောစမှတ်တွင်လှပါတယ်။

မြေယာပျက်စီးမှု၊ သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင်ရေရှားမှုအကြောင်းစဉ်းစားလျှင် အကြိမ်ကြိမ်နားရည်ဝခဲ့သော ဆရာကြီးဇော်ဂျီ၏ “သဲပင်လယ်”ကဗျာကို အမြဲကြား ယောင်ရပါတယ်။ “တောပင်ကို တော်တော်ခုတ်ကြ၊ တောပြုတ်လိမ့် နောက်နောင်၊ တောပြုတ်လို့ တောပြောင်၊ မိုးခေါင်တော့မှာပဲ၊ မိုးခေါင်လို့ ရေမကြွယ်၊ သဲပင်လယ် ဖြစ်လိမ့်မလွဲ” ဖြစ်ပါတယ်။

ပြောင်ခြင်း၊ ခေါင်ခြင်းဖြစ်တဲ့ တောပြောင်ခြင်း၊ မိုးခေါင်ခြင်းမှသည် သဲကန္တာရ ဖြစ်ထွန်းခြင်း၊ မြေယာပျက်ယွင်းခြင်းဖြစ်စဉ်တို့အား မြင်သာစေပါ တယ်။ သဲကန္တာရ ဖြစ်ထွန်းခြင်းနဲ့အတူ စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်ငန်းများကျဆင်းလာခြင်း၊ အလုပ် အကိုင် အခွင့်အလမ်းနည်းပါးလာခြင်း၊ ဆင်းရဲမှု မြင့်မားလာခြင်း၊ ပညာရေး၊ ကျန်းမာ ရေးတို့ လည်း နိမ့်ကျလာခြင်းစတဲ့ ကျွဲကူးရေပါ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ဖြစ်ရပါတယ်။

မြေယာပြုပြင်ရေး၊ သဲကန္တာရတိုက်ဖျက်ရေး၊  မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး အခြေခံ ကုထုံးတွေ ကတော့ သစ်တောများပြန်လည်တည်ထောင်ခြင်း၊  သဘာဝတောများ ထိန်းသိမ်းခြင်း၊ ဓမ္မတာမျိုးဆက်ခြင်း၊ ရေသုံးစွဲမှုချွေတာခြင်း၊ ရေသယံဇာတများ ထိန်းသိမ်း ခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်မှု၊ စားကျက်ချမှု၊ မြို့ရွာများ တိုးချဲ့မှု၊ သတ္တု တူးဖော်မှု၊ ဆည်တာတမံတည်ဆောက်မှု၊ သစ်ထုတ်လုပ်မှု၊ တောအပြောင်ရှင်းမှု၊ ရွှေ့ပြောင်း တောင်ယာခုတ်မှုစသည့် ဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများအား အလွန်အကျွံ မဖြစ်စေခြင်းစသည်တို့ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွင်  သဘာဝကြောင့်ဖြစ်ရခြင်း (Natural Phenomenon) သည် ၁၀ ရာခိုင်နှုန်းခန့်သာဖြစ်ပြီး လူလုပ်ဒုက္ခ/လူသားပယောဂ (Anthropogenic) ကြောင့် ဖြစ်ရခြင်းဟာ ၉၀ ရာခိုင်နှုန်းဖြစ်တယ်ဆိုတာ အချက် အလက်များအရ ထင်ရှားပါတယ်။ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNCCD) ရဲ့ အချက်အလက်ဖော်ပြချက် တစ်ခုတွင် “ယခုအခါကမ္ဘာ့မြေဆီလွှာ၏ သုံးပုံတစ်ပုံ သည် လူသားတို့ရဲ့ လုပ်ဆောင် ချက်ကြောင့် ပျက်စီးယိုယွင်းသွားခဲ့ပါ သည်။”လို့ ဖော်ပြထားပါတယ်။ သို့အတွက် လူသားတို့ရဲ့ အသိ၊ သတိ၊ ဆောင်ရွက် လိုမှု၊ ဆောင်ရွက်မှု အခန်းကဏ္ဍ ဟာ အရေးကြီးလှပါတယ်။ မူဝါဒချမှတ် သော ဌာန/အဖွဲ့အစည်းများမှ သည် တစ်ဦး တစ်ယောက်ချင်းသည် (Think Globally, Act Locally)  ဖြစ်တဲ့ ခေတ်မီမီ ကမ္ဘာ ကြည့် ကြည့်မြင်တတ်ရန်၊ လုပ်နိုင်သည်မှ စတင် လုပ်ဆောင်ကြရန် လိုအပ်ပါ တယ်။

ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD) တွင် မြန်မာနိုင်ငံသည် ဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံတွင် သဲကန္တာရဖြစ်နိုင်ခြေရှိသော အပူပိုင်းဒေသများ တွင် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ်ခြင်း၊ ပြည်သူလူထုသို့ အသိပညာပေးခြင်းနှင့် ပူးပေါင်းပါဝင် စေခြင်း လုပ်ငန်းများကိုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ဦးစီးဆောင်ရွက်လျက်ရှိပါတယ်။

လူသားတို့ စောင့်ရှောက်အပ်သောတရား (၃)ပါးမှာ မိမိတို့ ကိုယ်တိုင်မှအစ ကျင့်ဝတ်၊ နီတိ၊ အဆုံးအမတို့နဲ့အညီ နေထိုင်ခြင်း (ဗုဒ္ဓတ္ထစရိယာ)၊ မိမိတို့၏ စွမ်းဆောင်ရည် တို့ဖြင့် လူမှုဝန်းကျင်အား ထောက်ပံ့စောင့်ရှောက်ခြင်း (ဉာတတ္ထစရိယာ)နဲ့ လောက ကမ္ဘာအား စောင့်ရှောက်ခြင်း (လောကတ္ထစရိယာ) စတဲ့တရားတို့ ပြဋ္ဌာန်းထားရှိပါ တယ်။ လူသားတွေအသက်ရှင် ရပ်တည်ရေးအတွက် အချိန်နဲ့အမျှအမှီပြုနေရတဲ့ လောကကမ္ဘာကြီးကို လူသားတို့မှ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရန် ဌာန အဖွဲ့ အစည်းတို့မှသည် တစ်ဦးတစ်ယောက်မှလည်း ဝိုင်းဝန်းပါဝင်ကူညီကြရန် လိုအပ်လှ ပါတယ်။

"We are the first generation to now fully understand the immense threats to the land and might be the last one with a chance to reverse the course of destruction." “ကျွန်ုပ်တို့သည် မြေယာဆိုင်ရာ ခြိမ်းခြောက်မှုများကို ယခုအခါ အပြည့်အဝနားလည်နိုင်သည့် ပထမမျိုးဆက်များဖြစ်ကြပြီး ပျက်စီး ခြင်းလမ်းစဉ်ကို နောက်ပြန်လှည့်ရန် အခွင့်အရေးရှိသည့် နောက်ဆုံး မျိုးဆက်လည်း ဖြစ်နိုင်သည်” ကို နားလည်အပ်ပါတယ်လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP) က ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အတွက် နှိုးဆော်ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ပတ်ဝန်းကျင်ဆိုင်ရာ စီအစဉ် (UNEP) ရဲ့ နောက်ထပ်နှိုးဆော်ချက်တစ်ခုက "We are the generation that can make peace with land. So let us undo the damage we have done, let us give our children and our children's children a chance at a better future." “ငါတို့က အားလုံးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်တဲ့ မျိုးဆက် တွေပေါ့။ ငါတို့လုပ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ပြုပြင်ကြရအောင်၊

ငါတို့ သားသမီးမြေးမြစ်တွေကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေနဲ့ အခွင့်အရေး ပေးကြပါစို့။” ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆောင်ပုဒ် သတ်မှတ်ချက် အားကြွေးကြော်ရင်း ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်မယ့် (၅၁) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆို

လိုက်ပါတယ်။ ။

ကိုးကားချက်

§ Saudi Arabia to host World Environment Day 2024 with a focus on land restoration, desertification, and drought resilience (unep.org) § Desertification and Drought Day 2024:/ "United for Land: Our Legacy. Our Future" |UNCCD § Land restoration | Action Against Desertification | Food and Agriculture Organization of the United Nations (fao.org )