ဗြိတိန်နိုင်ငံလည်း အမျိုးသားစစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းဖို့စီစဉ် လေပြီ

ဗြိတိန်နိုင်ငံလည်း အမျိုးသားစစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းဖို့စီစဉ် လေပြီ

 

နိုင်ငံတိုင်းမှာ လူငယ်များရှိသည်။ သို့သော် လူငယ်တိုင်းမှာတော့ မျိုးချစ်စိတ်ဆိုတာ မရှိနိုင်။ အမျိုးသားရေးစိတ်ဓာတ်လည်း မကိန်းအောင်းနိုင်။ နိုင်ငံအတွက် စစ်မှုထမ်း ပေးချင်လိုသည့်စိတ်လည်းမရှိနိုင်။ ထို့အတွက်ကြောင့် အမျိုးသားစစ်မှုထမ်းဥပဒေ ဆိုတာ ပေါ်လာရခြင်းဖြစ်သည်ဟု စာရေးသူကတော့ယုံကြည်သည်။

နောက်တစ်ချက်က နိုင်ငံတစ်နိုင်ငံမှာ စစ်အင်အားတောင့်တင်းခိုင်မာမှ ထိုနိုင်ငံ၏ အချုပ်အခြာအာဏာသည်လည်း ထာဝရခိုင်မြဲမည်ဖြစ်သည်။ စစ်အင်အားတောင့် တင်းခိုင်မာစေဖို့အတွက် စစ်မှုထမ်းပေးမည့်လူငယ်အများအပြားလိုအပ်သည်။

လူငယ်တိုင်းသည် တစ်သက်တာမဟုတ်သည့်တိုင်အောင် အချိန်အတိုင်းအတာ တစ်ခုအထိ စစ်မှုထမ်းပေးသင့်သည်။ ဒါမှလည်း မျိုးချစ်စိတ်ဓာတ်များ၊ အမျိုးသား ရေးစိတ်ဓာတ်များကိန်းအောင်းကာ နိုင်ငံကအရေးကြုံလာလျှင် ကျရာနေရာမှ ပါဝင်ကူညီနိုင်စေမည်ဖြစ်သည်။

အခုဆိုလျှင် ကမ္ဘာ့အင်အားကြီးနိုင်ငံတော်တော်များမှာ အမျိုးသားစစ်မှုထမ်းဥပဒေ ကို ပြန်လည်အသက်သွင်းဖို့စီစဉ်မှု များရှိလာသည်ကိုတွေ့ရသည်။ အထူးသဖြင့် လက်ရှိကမ္ဘာကြီးက ကြုံတွေ့နေရသောမသေချာမရေရာသည့် အခြေအနေများ အတွက် နိုင်ငံတချို့က ကြိုတင်ပြင်ဆင်ခြင်းလည်းဖြစ်သည်။

အဆိုပါနိုင်ငံကြီးများတွင် ဗြိတိန်နိုင်ငံလည်းအပါအဝင်ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် တစ်ခေတ်တစ်ခါတုန်းက နေမဝင်အင်ပါယာ ကြီးကိုထူထောင်နိုင်ခဲ့သည့် နိုင်ငံဖြစ် သည်။

ထိုသို့သောနိုင်ငံကြီးက အရင်ကတည်းက အမျိုးသားစစ်မှုထမ်းဥပဒေကို ကျင့်သုံးခဲ့ သည်ဆိုလျှင် စာချစ်သူများယုံနိုင်မည်မထင်။

ခေတ်သစ်ကာလတွင် ဗြိတိန်နိုင်ငံသည်အချိန်အပိုင်းအခြားနှစ်ခုအတွင်း အမျိုးသား စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကျင့်သုံးခဲ့သည့်သမိုင်းအမှန်က တကယ်ကိုရှိသည်။

ပထမတစ်ပိုင်းက ၁၉၁၆ ခုနှစ်မှ ၁၉၂၀ ပြည့်နှစ်ကာလအတွင်းဖြစ်သည်။ ဒုတိယ တစ်ပိုင်းမှာ ၁၉၃၉ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိဖြစ်သည်။ အဆိုပါဥပဒေအရ နောက်ဆုံးစစ်မှုထမ်းခဲ့သောလူငယ်များမှာ ၁၉၆၃ ခုနှစ်အထိ တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ခဲ့ရသည်။

ပထမကမ္ဘာစစ်စတင်ချိန်၌ ဗြိတိန်အစိုးရက တပ်မတော်စစ်မှုထမ်းဥပဒေကို ၁၉၁၆ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြုပြဋ္ဌာန်းလိုက်သည်။ ထိုဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၄၀ အတွင်းရှိသော မည်သည့်အမျိုးသားမဆို ဆင့်ခေါ်ခြင်းခံရပါက စစ်မှုထမ်းရသည်။နောက်ပိုင်းတွင် စစ်မှုထမ်းရမည့်အသက်အရွယ်ကန့်သတ်ချက်ကို အသက် ၅၁ နှစ်အထိ တိုးမြှင့်ခဲ့သေးသည်။ ၁၉၂၀ ပြည့်နှစ်အစောပိုင်းကာလများ တွင်တော့ အမျိုးသားစစ်မှုထမ်းဥပဒေကိုဖျက်သိမ်းလိုက်သည်။

တစ်ဖန် ဒုတိယကမ္ဘာစစ်မစတင်မီ စစ်ငွေ့စစ်ရိပ်များသန်းနေချိန် ၁၉၃၉ ခုနှစ် မေလတွင် တပ်မတော်လေ့ကျင့်ရေးဥပဒေကိုပြဋ္ဌာန်းကာ အသက် ၂၀ မှ ၂၂ နှစ်အတွင်းရှိသည့်လူပျိုများကို ပြည်သူ့စစ်များအဖြစ်သတ်မှတ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားသည့် ယင်းနှစ် စက်တင်ဘာလ ၃ ရက်တွင် တပ်မတော်လေ့ကျင့်ရေးဥပဒေကို အမျိုးသားစစ်မှုထမ်းဥပဒေ ၁၉၃၉ ခုနှစ်ဖြင့် ကျော်လွန်ပယ်ဖျက်လိုက်သည်။ ထိုဥပဒေအရ အသက် ၁၈ နှစ်မှ ၄၁ နှစ်အတွင်းရှိသူများအားလုံး စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသည်။

၁၉၄၂ ခုနှစ်အရောက်တွင် အသက် ၁၈ နှစ်မှ ၅၁ နှစ်အတွင်းရှိ အမျိုးသားများ သာမက အသက် ၂၀ မှ ၃၀ ကြားရှိ အမျိုးသမီးများသည်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံလာရသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီးနောက် အမျိုးသားစစ်မှုထမ်းဥပဒေကိုဖျက်သိမ်းခြင်း မပြုဘဲ အမျိုးသားစစ်မှုထမ်း ဥပဒေ ၁၉၄၈ ခုနှစ်ဖြင့် အစားထိုးပြန် လည်ပြဋ္ဌာန်း လာသည်။

ထိုဥပဒေတွင်တော့ ငြိမ်းချမ်းစဉ်ကာလတွင် အသက် ၁၇ နှစ်မှ ၂၁ နှစ်အတွင်းရှိ ကျန်းမာသောအမျိုးသားများအနေဖြင့် ၁၈ လကြာ စစ်မှုထမ်းရမည်ဖြစ်ကာ အရန်အင်အားစာရင်းတွင် လေးနှစ်ကြာသည်အထိ ဆက်လက်တည်ရှိနေရမည်ဟု ပြဋ္ဌာန်းထားသည်။

၁၉၅၀ ပြည့်နှစ်တွင် ဗြိတိန်က ကိုရီးယားစစ်ပွဲအတွင်း ပါဝင်လာသည့်အတွက် စစ်မှုထမ်းကာလကို နှစ်နှစ်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် အမျိုးသားစစ်မှုထမ်းဥပဒေကျင့်သုံးမှုကို တဖြည်းဖြည်းလျှော့ချလာသည်။

၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလတွင် နောက်ဆုံးစစ်မှုထမ်းများကို ဆင့်ခေါ်ပြီးနောက် ယင်းနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် အမျိုးသားစစ်မှုထမ်းဥပဒေကို ဖျက်သိမ်းလိုက် သည်။ယခုအချိန်အခါတွင် ဗြိတိန်အစိုးရက ထိုဥပဒေကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာသည်ကိုမြင်တွေ့နေရသည်။ ဝန်ကြီးချုပ်ကိုယ်တိုင် တရားဝင်အတိ အလင်းပြောလာခြင်းဖြစ်သည်။

လက်ရှိဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်က လာမည့်ရွေးကောက်ပွဲ၌ ၎င်းင်းတို့၏ ကွန်ဆာဗေးတစ်ပါတီသာအနိုင်ရပါက အမျိုးသားစစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်းမည်ဟု ပြောလာခြင်းဖြစ်သည်။ အဆိုပါအထွေထွေရွေးကောက်ပွဲကို ဇူလိုင်လတွင်ကျင်းပသွားရန်စီစဉ်ထားသည်။

တစ်နှစ်လျှင် ဗြိတိန်ပေါင် ၂ ဒသမ ၅ ဘီလီယံကုန်ကျမည့် ရီရှီဆူးနက်၏အစီ အစဉ် အရ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းသည် တပ်မတော်တွင်ဝင်ရောက် အမှုထမ်းရမည် သို့မဟုတ် တစ်လလျှင်တစ်ပတ်ကြာ လူမှုဝန်ထမ်းအလုပ်များ လုပ်ရ မည်ဟု စီစဉ်ထားသည်။ လူမှုဝန်ထမ်းလုပ်ရာတွင် ရဲတပ်ဖွဲ့ သို့မဟုတ် ဆေးဘက် ဆိုင်ရာဌာနတို့တွင်လုပ်ဆောင်ရမည်ဖြစ်သည်။

ထိုကဲ့သို့ အမျိုးသားစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းကျင့်သုံးခြင်းအားဖြင့် လူငယ်များတွင် အမျိုးသားရေးစိတ်များပြန်လည် ရှင်သန်နိုးကြားလာပြီး လူငယ်များအတွက် ဘဝ အပြောင်းအလဲဖြစ်စေမည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောထားသည်ဟု ဗြိတိန်မီဒီယာများကဖော်ပြထားသည်။

“ဒီနိုင်ငံက တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့နိုင်ငံပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့မျိုးဆက် သစ်တွေက သူတို့နဲ့ထိုက်တန်တဲ့အခွင့်အလမ်းတွေ ဒါမှမဟုတ် အတွေ့အကြုံတွေ ကိုမရကြတဲ့အပြင် အခုလိုမျိုးမသေချာမှုတွေမြင့်တက်လာတဲ့ကမ္ဘာကြီးမှာ ကျွန်တော် တို့ရဲ့လူ့အသိုင်းအဝိုင်းကိုပိုင်းခြားစေဖို့အတွက်ကြိုးစားတဲ့ အင်အားစုတွေ ဖြစ်လာပါတယ်”ဟု ဝန်ကြီးချုပ်ကပြောသည်။

ဗြိတိန်ဝန်ကြီးချုပ်က ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် သေချာသော အနာ ဂတ်ကိုဖန်တီးနိုင်စေဖို့အတွက်  သူ့တွင်ရှင်းလင်းသောအစီအစဉ်ရှိ သည်ဟုဆို သည်။

ထိုအစီအစဉ်က အမျိုးသားစစ်မှုထမ်းဥပဒေကို အသွင်သစ်ဖြင့် ပြန်လည် အသက် သွင်းခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းက လူငယ်များအကြား တူညီသော ရည်မှန်း ချက်ကိုပေါ်ပေါက်စေမည်ဖြစ်ကာ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်စေ မည်ဟုလည်း ဝန်ကြီးချုပ်ကပြောထားသည်။

ကွန်ဆာဗေးတစ်ပါတီက ရွေးကောက်ပွဲတွင်ထပ်မံအနိုင်ရလျှင် တော်ဝင်ကော်မရှင် တစ်ခုကိုဖွဲ့စည်းကာ အမျိုးသားစစ်မှုထမ်းဥပဒေကိုအပြီးသတ်ရေးဆွဲပြီး လာမည့်နှစ် စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

လက်ရှိမှာတော့ ထိုဥပဒေကိုအတွင်းပိုင်းမှလူများဖြင့်သာ ရေးဆွဲနေခြင်းဖြစ်ပြီး အသေးစိတ်ကိုမသိရသေးပေ။ စာမျက်နှာ ၄၀ ခန့်ပါဝင်သော ယင်းဥပဒေတွင် နိုင်ငံတကာမှစိန်ခေါ်မှုများ မြင့်တက်လာသည့် ယနေ့အချိန်အခါ၌ တပ်မတော်ကို အင်အားတိုးမြှင့်ရန် လိုအပ်နေပြီဖြစ်သည်ဟု ရီရှီဆူးနက်၏အကြံပေးများက ပြောထားသည်။

တစ်ဖက်တွင်လည်း ကွန်ဆာဗေးတစ်ပါတီ၏အစီအစဉ်အပေါ် အတိုက်အခံ လေဘာပါတီ၏ကန့်ကွက်မှုများရှိနေသည်။ အလားတူ တခြားပါတီများကလည်း ကန့်ကွက်ထားသေးသည်။ဗြိတိန်နိုင်ငံသည် တစ်ချိန်ကနေမဝင်အင်ပါယာကြီးကို ပိုင်ဆိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်းမှာတော့ စစ်အင်အား သိသိသာသာလျော့ကျလာသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်းမှာပင် လေးပုံတစ်ပုံခန့်လျော့ကျ ခဲ့ရသည်။

ထိုသို့သော စစ်အင်အားနည်းပါးလာသည့်အချိန်၊ တစ်ဖက်ကလည်း ခြိမ်းခြောက် မှုများမြင့်တက်လာချိန်တွင် အမျိုးသားစစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်း ကျင့်သုံးခြင်းက နိုင်ငံတိုင်း

လိုလိုလုပ်ဆောင်လေ့ရှိသည့် ဆောင်ရွက်ချက်တစ်ခုဟု ကျွန်တော်ကတော့ မြင်မိ သည်။အလားတူ အမျိုးသားရေးစိတ်ဓာတ်နည်းပါးလာသည့်လူငယ်များကို အမျိုး သားရေးစိတ်ဓာတ်များ ပြန်လည်ရှင်သန်နိုးကြားထ<ကလာစေရန် အမျိုးသား စစ်မှုထမ်းဥပဒေလိုအပ်သည်ဟုလည်း ယုံကြည်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ဗြိတိန်လိုမျိုးနိုင်ငံကြီးကတော့ အမျိုးသားစစ်မှုထမ်းဥပဒေကို ပြန်လည်ပြဋ္ဌာန်းရန်ပြင်ဆင်လာ ပြီဖြစ်သည်။ ထိုသို့ပြင်ဆင်မှုသည် ယနေ့အချိန်မှာ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက်သာဖြစ်မည်ဟုယုံကြည်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။