ဥဒပါနဒါန မြတ်ကုသိုလ် အခွင့်အရေးလက်မနှေးစေလို

ဥဒပါနဒါန မြတ်ကုသိုလ် အခွင့်အရေးလက်မနှေးစေလို

မြန်မာနိုင်ငံတွင်   ရှေးဘိုးဘေးဘီဘင်များလက်ထက်ကတည်းက ရေ၏အရေးပါ အဖိုးတန်မှုအတွက်  ဆိုရိုးတစ်ခုတီထွင်မှုပြုခဲ့ကြသည်။   “ရေအသက် တစ်မနက်” ဟူ၍ ဖြစ်သည်။ စင်စစ်အားဖြင့် ရေသည်  ကမ္ဘာပေါ်ရှိလူသားများနှင့် သက်ရှိများအားလုံး အသက်ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လို အပ်သော အရင်းအမြစ်တစ်ခုဖြစ်သည်။ထို့ပြင် ကျန်းမာရေးနှင့်သန့်ရှင်းရေး၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စွမ်းအင်ထုတ်လုပ်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာများ  အတွက် လည်း ရေသည် အရေးပါလှသည်။

ရေသာမရှိလျှင် လူ၊ တိရစ္ဆာန်၊ သစ်ပင်၊ သက်ရှိ၊ သက်မဲ့ အလုံးစုံရေရှည်ရပ်တည်နိုင်စွမ်းမရှိပေ။  စိုက်ပျိုးရေးလုပ်ငန်း၊ စက်ရုံများလည်ပတ်နိုင်ရေး၊ ရေအား လျှပ်စစ်ကဏ္ဍ စသည်တို့သည် ရေသာ မရှိပါက ရပ်ဆိုင်းသွားကြပေမည်။ ကမ္ဘာ့မြေမျက်နှာပြင်အား တိုင်းတာလေ့လာချက်များအရ ကုန်းပိုင်း နှင့် ရေပိုင်းခွဲခြားရာတွင် ၇၁ ရာခိုင်နှုန်းမှာ ရေဖုံးလွှမ်းဧရိယာများဖြစ်ကြောင်း  သုတေသီများက တွက်ချက်သည်။ ထိုရေပမာဏတွင်မှ အများစု (၉၆ ရာခိုင်နှုန်းကျော်)သည် ပင်လယ်သမုဒ္ဒရာများထဲမှ ဖြစ်ကြသည်။ လူသားတို့အတွက် မဖြစ်မနေသုံးစွဲရသောရေသည် ရေချိုဖြစ်၏။ ၇၁ ရာခိုင်နှုန်းသော ရေထုထဲတွင်မှ သောက်သုံး၍ရသော  သင့်လျော်သည့် ရေချိုပမာဏသည် ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိ၏။ ထိုရေချိုများသည် ပြန်လည် ပြည့်ဖြိုးမြဲရေများဖြစ်ကြပေသည်။ အလွန်တရာနည်းပါးလှသောရေချိုအား ကမ္ဘာ့ လူသန်းပေါင်း ၇၀၀၀ ကျော် မျှဝေသုံးစွဲနေရခြင်းဖြစ်၏။   မျှဝေသုံးစွဲသည်ဟု ဆိုသော်ငြား ကမ္ဘာ့ ပထဝီအနေအထားအရ အချို့သောနိုင်ငံများမှာ အင်မတန်ဆိုးရွားစွာ ရေပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ ရလျက်ရှိနေကြသည်။

ရေသည် မည်မျှအရေးပါသနည်းဟုဆိုပါလျှင် ဘုရားရှင်လက်ထက် ကပ္ပိလဝတ်ပြည်နှင့် ကောလိယ နှစ်ပြည်ထောင် ရောဟဏီမြစ်ရေခွဲဝေသုံးစွဲမှုမှ စတင်ကာ စစ်မက်ဖြစ်ပွားခဲ့ရသော ရာဇဝင်ရှိခဲ့သည်ကို မှတ်သားရပေသည်။ ရှေးရှေးပဝေသဏီ ကာလများမှသည် ရေကိုအဓိက လက်နက်တစ်ခုသဖွယ် အသုံးပြုလျက်  နိုင်ငံရေးအားပြိုင်မှု၊    အမြတ်ထုတ်မှုများကို ထောက်ရှုခြင်းအားဖြင့် ရေသည်လူနှင့် လူ့ပတ်ဝန်းကျင် တိုးတက်ပြောင်းလဲရေးအတွက် အလွန်အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည် ကို တွေ့ရှိရပေမည်။

မြန်မာနိုင်ငံ၏ ပုဂံဒေသသည် မန္တလေး တိုင်းဒေသကြီး  ညောင်ဦးမြို့နယ်တွင် တည်ရှိပြီး   ရှေးဟောင်း ဘုရားစေတီ သုံးထောင်ကျော် စုဝေးတည်ရှိသည့် နေရာတစ်ခုဖြစ်သည်။ မြန်မာတို့၏အထင်ကရ ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုလည်း ဖြစ်သည်။ မြန်မာတို့၏ အသည်းနှလုံးဆိုလျှင်လည်း မမှားပေ။ အေဒီ ၁၁ ရာစုမှ ၁၃ ရာစုအထိ ထွန်းကားခဲ့သော ပုဂံခေတ်အနုပညာလက်ရာများဖြင့် ကမ္ဘာကျော်သည့် သမိုင်းဝင်နေရာတစ်ခုဖြစ်ပေသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက် UNESCO ၏ (၄၃) ကြိမ်မြောက်  ကမ္ဘာ့အမွေအနှစ်  ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံ ၏  ဒုတိယမြောက်  ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်လာခဲ့သည်။ အဆိုပါပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခြင်း နှင့်အတူ ဆောင်ရွက်ရမည့် အကြံပြုချက် (၁၉)ချက်ရှိကြောင်း သိရှိရသည်။ ယင်းအကြံပြုချက်များ အထဲတွင် ပုဂံခေတ်ရေအရင်းအမြစ်များ၊ ရှေးဟောင်းရေကန်များနှင့် မူလရေလမ်းကြောင်းများ အား သုတေသနပြု ပြန်လည်ဖော်ထုတ် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်လည်းပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလတွင် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ခဲ့သည်။  မိုခါမုန်တိုင်းတိုက်ခတ်ခံရသည့် အထဲတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြသည့် စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်းစသည့် သာသနိကအဆောက်အအုံအချို့လည်း အနည်းအကျဉ်း ထိခိုက်မှုရှိခဲ့သည်။   ထိုမုန်တိုင်းကြောင့်ပင် ရှေးဟောင်းအဆောက်အအုံများ၏တံတိုင်း အတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် ရေကြီးရေလျှံမှု၊  ရေဝပ်မှုများဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  မိုခါမုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း  ၁၅- ၅-၂၀၂၃ ရက်မှ  ၁၆-၅-၂၀၂၃ ရက်အထိ  ပုဂံသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး “ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့ကို ဖွဲ့စည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်”  လမ်းညွှန်မှာကြားခဲ့သည်ကို သိရှိရသည်။  နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း၊  မြေဆီလွှာ ကိုလည်းကောင်း လေ့လာဆန်းစစ်လုပ်ဆောင်လျက်ရှိသည်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခြင်းတွင် အကြံပြုထားသည့် ပုဂံခေတ်ရေ အရင်းအမြစ်များ၊ ရှေးဟောင်းရေကန်များနှင့် မူလရေလမ်းကြောင်းများအားသုတေသနပြု၍ ပြန်လည် ဖော်ထုတ်ရာတွင် ဒေသခံပြည်သူများ၏ လူမှုဘဝအခြေအနေနှင့် ကိုက်ညီသည့် ပတ်ဝန်းကျင်ကို မထိခိုက်စေရန် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပုဂံဒေသ၏ မြို့ပြယဉ်ကျေးမှုအထွန်းကားဆုံးအချိန်၊ နည်းပညာအမြင့်မားဆုံး အချိန်ကာလတွင်  နည်းလမ်းမျိုးစုံဖြင့် ရေကို စနစ်ကျစွာစီမံခန့်ခွဲခဲ့ကြသည်ကို ရှေးခေတ်ရေလမ်းကြောင်းနှင့်   ရေကန်များ က သက်သေပြလျက်ရှိသည်။ အဆိုပါ ရေကန်များအား ပြန်လည်တူးဖော်ခြင်း၊ ရေအရင်းအမြစ်များအား ထိန်းသိမ်းခြင်းဖြင့် လူမှုစီးပွားဘဝသာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် အထောက် အပံ့ကောင်းတစ်ခုပင် ဖြစ်ပေသည်။ 

ပုဂံရှိရှေးဟောင်းသာသနိက အဆောက်အအုံများသည်   မူလဆောက်လုပ်စဉ် ကတည်းကပင်  ရေထွက် ပေါက်များ၊ ရေထုတ်စနစ်များကို ယင်းခေတ်ပညာရှင်များက စနစ်တကျထည့်သွင်း ဆောင်ရွက်ခဲ့ကြပြီး ဖြစ်သည်။ မိုးများရွာသွန်းပါကလည်း ရေကြီးရေလျှံမှုမဖြစ်အောင် ရေစီးနိုင်မည့်လမ်းကြောင်းများကို  ထည့်သွင်းဖောက်လုပ်ခဲ့ကြသည်။ သို့သော် ယခုအခါ ကမ္ဘာ့အမွေအနှစ်ပုဂံမြေသည် ခေတ်ကာလ ကြာမြင့်လာခဲ့ပြီဖြစ်သဖြင့် ရေစီးရေလာ လမ်းကြောင်းများ  ပျက်စီးပျောက်ဆုံးပြီး ဘုရား၊ ပုထိုး၊ ဂူ၊ ကျောင်းများနှင့် သာသနိက အဆောက်အအုံများအတွင်း ရေများဝင်ရောက်၍ ရေစီးရေလျှံခြင်း ဖြစ်ပေါ်ခဲ့ရသည်ကို တွေ့ရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ၂၅.၅.၂၀၂၄ ရက်နေ့တွင်  ပုဂံသို့သွားရောက်ခဲ့သည့် ခရီးစဉ်၌ မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ်  ၁၀၈၈  ခုနှစ်  ပုဂံခေတ် ရှေးမြန်မာမင်းများလက်ထက်ကတည်းက  ကျန်စစ်သားမင်းကြီး တည်ဆောက် ခဲ့သည့် မြကန်ရေလှောင်တမံသို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးစဉ်တွင် “ရေလှောင်တမံများအား ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင်  ရေရှည်တည်တံ့ ခိုင်မြဲစေရေး တာတမံများ၏  ခံနိုင်ရည်စံနှုန်း အရည်အသွေးစစ်ဆေးခြင်းများကို အဆင့်အလိုက် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း ဆည်တာတမံများကို သာမက ရေဝင်ရေထွက်မြောင်း များကိုလည်း  ကောင်းမွန်အောင် ဆောင်ရွက်ထားရှိရန်လိုအပ်သည့် ရေလှောင်တမံများ၊ ရေလှောင်ကန် များအားလုံး၏ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ဆည်ရေသောက်ဧရိယာတစ်လျှောက် လမ်းကြောင်း များအတွင်း ရေကြောင်းပိတ်ဆို့မှုမရှိစေရေး၊   ရေဝင်ရေထွက် ကောင်းမွန်စေရေး အသေးစိတ် လေ့လာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေသည်အထက်မှအောက်သို့သာ စီးဆင်းတတ်သည့် သဘောသဘာဝ ဖြစ်သဖြင့် ရေစီးရေလာကောင်းမွန်စေရေးအတွက်  ရေဝင်ရောက်သည့် အနိမ့်ပိုင်းများ၌ ရေဝင်ထွက်မှု ကောင်းအောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ မိုးရွာသွန်းမှုများပြားပါက ရှေးဟောင်း ဘုရားစေတီ ပုထိုးများအတွင်းသို့ ရေစိမ့်ဝင်မှုများပြားလာပြီး ရှေးဟောင်းအမွေအနှစ်များကို အနည်းနှင့်အများ ထိခိုက် ပျက်စီးလာစေနိုင်ကြောင်း၊ ထို့ကြောင့် ရေစီးရေလာကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး  အဓိကထားဆောင်ရွက်ရန်လိုကြောင်း” တို့ကို အသေးစိတ် လမ်းညွှန်မှာကြားခဲ့ ကြောင်း လေ့လာသိရှိရသည်။

ထို့ပြင် နိုင်ငံတော်အကြီးအကဲအနေဖြင့် မြကန်ရေလှောင်တမံအပြင် ဖျောက်ဆိပ်ပင် ကန်အမှတ် (၁/၂/၃)၊ ဇေယျာဝတီ(ဇေယျာဝေရီ)ကန်၊ မင်္ဂလာကန်အမှတ်(၃)၊ ရွာဟောင်းကြီးကန်၊ ရေတော်မုနိကန် ပြန်လည် တူးဖော်ထိန်းသိမ်းထားရှိမှု အခြေအနေများကိုလည်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး   ပုဂံဒေသ ရေရရှိစေရေး လမ်းညွှန်ဆောင်ရွက်ပေးခဲ့မှုများကိုလည်း သိရှိရသည်။ 

လက်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်းပြည်ပကျွမ်းကျင် ပညာရှင်များ၏ အကြံပြု ချက်အရ ကမ္ဘာ့အမွေအနှစ် စံနှုန်းများနှင့်အညီ ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းလျက်ရှိသည့် ရှေးဟောင်းရေကန်  ၉၁  ကန်ရှိသည်။ ယင်း ၉၁ ကန်အနက် ပထမအဆင့်တွင် ရှေးဟောင်းရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့်တွင်  ရှေးဟောင်းရေကန် ၄၅ ကန်တို့ကို ပြန်လည် တူးဖော်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များအား ပြန်လည် တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အစိုးရမှစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ထာဝရ ကုသိုလ်ဖြစ်သည့် ရေကန်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်လှူဒါန်း လိုသူ စေတနာရှင်ပြည်သူများအနေဖြင့်လည်း  ပါဝင်လှူဒါန်းနိုင်ရေး နေ့စဉ်ထုတ် သတင်းစာများ၌လည်း နှိုးဆော်ထားသည်ကို တွေ့မြင်ရသည်။

ထိုသို့ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် အားလုံးကို ပါဝင်ကုသိုလ်ပြုခွင့်ရစေချင်မိသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ကုသိုလ် အမြဲတိုးပွားစေမည့် ထာဝရဒါန   ၆ မျိုးတွင် “ဥဒပါနဒါန” ဆိုသည့် ရေတွင်း ရေကန်လှူဒါန်းရခြင်း သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ အများအကျိုးအတွက် ကောင်းသောစိတ်ထားဖြင့် ရေတွင်း ရေကန် တူးဖော်ခြင်းမှ ရရှိသောကုသိုလ်အကျိုးကျေးဇူးကြောင့် သေမည့်နေ့ကိုပင် ရွှေ့လိုက်နိုင်သော ပုဏ္ဏားကြီးအကြောင်းလည်း ကြားဖူးကြပေလိမ့်မည်။ ရေတွင်းဟုဆိုရာ တွင် လက်ဖြင့်တူးသည့် ရေတွင်းဖြစ်စေ၊ စက်ဖြင့်တူးသည့် ရေတွင်းဖြစ်စေ အကျုံးဝင်သည်။ ရေကန်ဟုဆိုရာတွင် ရေသိုလှောင် စေနိုင်သည့် ဝတ္ထုပစ္စည်းအားလုံးကိုဆိုလိုသည်။ ထို့ကြောင့် ပုဂံဒေသရှေးဟောင်းရေကန်များ ပြန်လည် တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း  လုပ်ငန်းများတွင် ပါဝင်လှူဒါန်းခြင်းသည် ထာဝရဒါနကုသိုလ်တစ်ခုကို ပြုခြင်းလည်းမည်ပါသည်။

ထို့ပြင် ရေတွင်းရေကန်လှူဒါန်းရခြင်းသည် -

“သန့်ရှင်းကျော်ကြား၊ များပြား ခြံရံ၊ လျင်မြန်ကိုယ်စိတ်၊ မွတ်သိပ်ကင်းပြန်၊ သက်ရှည်ဆင်းလှ၊ သုခဗလံ၊ ပညာတိုး ရေကျိုးမှတ်ဖို့ရန်” ဆိုသည့် ရေအကျိုး(၁၀)ပါးနှင့်လည်း ပြည့်စုံပါသည်။

သို့ဖြစ်ရာ ပုဂံဒေသရှိရှေးဟောင်းရေတွင်းရေကန်များကို ရှေးခေတ်ရေအရင်း အမြစ်စီမံခန့်ခွဲမှု စနစ်များ အတိုင်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကာ ယခုထက်မက ပိုမိုမြှင့်တင်ပေးခြင်းဖြင့် ပုဂံဒေသ အဓွန့်ရှည်တည်တံ့ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုသည်။ နိုင်ငံတော်၏ အသည်းနှလုံး ကမ္ဘာ့အမွေ အနှစ်ပုဂံမြေကို ကမ္ဘာတည်သရွေ့တည်ရှိနိုင်စေရန် နိုင်ငံတော်အစိုးရနှင့်အတူ ရဟန်းရှင်လှူပြည်သူ တစ်ရပ်လုံးမှ တတ်အားသမျှပါဝင်ကူညီလှူဒါန်းရမည့် ထူးမြတ်သည့် အချိန်အခါကောင်းဖြစ်ပါကြောင်း ဆန္ဒမွန်ပြုအပ်ပါသည်။        ။

အမောင်