စိမ်းလန်းစိုပြည်မြန်မာ့မြေ သစ်ပင်စိုက်လို့ လှပစေ

 

စိမ်းလန်းစိုပြည်မြန်မာ့မြေ သစ်ပင်စိုက်လို့ လှပစေ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၆ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၄ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Academy  ပရိဝုဏ်အတွင်း၌ ကျင်းပသော ပြည်ထောင်စုနယ်မြေ နေပြည်တော်၂၀၂၄  ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် “နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏ မြို့တော်ဖြစ်သည်နှင့်အညီ  ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊  Green City ၊ Clean City ၊ Smart City  ဖြစ်စေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊  ထို့အတူ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန် ရည်ရွယ်ထားသည့်အတိုင်း အဆင့်မြင့်ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်သည့် နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ်  တည်ထောင် ဖွင့်လှစ်ထားသည့် Naypyitaw State Academy ၏ ကျောင်းပရိဝုဏ်နှင့် ပတ်ဝန်းကျင်တွင် မျက်စိပသာဒဖြစ်စေပြီး   သင်းရနံ့မွှေးပျံ့သည့် သစ်ပင်ပန်းပင်များနှင့် အမြဲတမ်းစိမ်းလန်းစိုပြည် သာယာလှပစေရန် စိုက်ပျိုးပြုစုထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားရေရိက္ခာ ဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။   နိုင်ငံတစ်ဝန်းလုံးသစ်တော ဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ ရာသီဥတုပြန်လည်မျှတ ကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတာဝန်ယူခဲ့သည့်  ၂၀၂၁ ခုနှစ်မှစတင်ပြီး နှစ်စဉ်သစ်ပင်စိုက်ပွဲများ ကျင်းပလာခဲ့သည်မှာ ယခုအခါ နေပြည်တော်တွင် သစ်ပင်စိုက်ပျိုးပွဲ ၈ ကြိမ်၊ ပျိုးပင်ပေါင်း ၁၂၄၅၅ ပင်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက သစ်ပင်စိုက်ပျိုးပွဲ ၈ ကြိမ်၊  ပျိုးပင်ပေါင်း ၃၀၁၅၄  ပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သည်။  နိုင်ငံနှင့်အဝှမ်းမိုးကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပွဲပေါင်း  ၁၁၄၇ ပွဲ၊ ပျိုးပင်ပေါင်း  ၇၇၅၁၉၂ ပင်ကို  စိုက်ပျိုးနိုင်ခဲ့သည်။ သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး  ပြည်သူများအားလုံး ပူးပေါင်းပါဝင်စေရန် ရည်ရွယ်ပြီး  နိုင်ငံတော်အစိုးရအနေဖြင့် ဦးဆောင် စိုက်ပျိုးနေခြင်းဖြစ်သည်။

ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင်  တစ်နိုင်ငံလုံးသစ်ပင်ပေါင်း၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုး တည်ထောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။  ထို့ပြင် ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင် နေရာအသီးသီးတွင်လည်း  ဒေသအလိုက်သင့်လျော်သည့် အရိပ်ရပင်များ၊  လေကာပင်များကို စဉ်ဆက် မပြတ်စိုက်ပျိုးရန်၊  သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊    မြစ်ချောင်းတစ်လျှောက် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းရန်၊ ဒီရေတောအပင်များ စိုက်ပျိုးတည်ထောင်ရန် စသည့်သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အာဆီယံလမ်းမကြီးများ ဘေးဝဲ၊ ယာ၊ အမြန်လမ်းမကြီးဘေးဝဲ၊ ယာနှင့်ရထားလမ်းများ ဘေးဝဲ၊ ယာတို့တွင်လည်း သစ်ပင်များ စဉ်ဆက်မပြတ်စိုက်ပျိုး ပြုစုထိန်းသိမ်းကြရမည်ဖြစ်သည်။

သစ်ပင်များ စိုက်ပျိုးကြရာတွင် တစ်ပင်စိုက်တစ်ပင် ရှင်သန်အောင်မြင်ဖြစ်ထွန်းစေရန် အတွက် သန်စွမ်းသည့်ပျိုးသက် ၂ နှစ်၊ အမြင့် ၂ ပေအထက် ပျိုးပင်များကိုစိုက်ပျိုးကြရမည်။  ထိုသို့ပျိုးပင်များ ရရှိရန်အတွက် မျိုးကောင်းမျိုးသန့် အပင်ပေါက်ရောက် အောင်မြင်ရှင်သန်နိုင်မည့်    သစ်စေ့များကြိုတင် စုဆောင်းခြင်းနှင့် ပျိုးထောင်ခြင်းလုပ်ငန်းများကို အချိန်ယူကြိုတင်ပြင်ဆင်ပြီး  အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ပျိုးပင်များ ရှင်သန်အောင်မြင်စေရန်အတွက် နေရာဒေသနှင့်ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာ ရွေးချယ်မှု၊ စနစ်တကျမြေပြုပြင်မှု၊ ရေနှင့်မြေအစိုဓာတ်ရရှိမှု၊ စိုက်မည့်ကျင်းအရွယ်အစား မှန်ကန်မှု၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်မှု ရှိစေရေးတို့ကိုလည်း အထူးအလေးထား ရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်တွင် စဉ်းစားတွေးခေါ်ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသည့် သင်ကြားသင်ယူလေ့ကျင့်မှုများမှ တစ်ဆင့် အသုံးချ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကို မြှင့်တင်ပေးနိုင်မည့်     အဆင့်မြင့်ပညာရပ်များသင်ယူရာ   တက္ကသိုလ်တစ်ခုကို တည်ထောင်ဖွင့်လှစ်ရန် ရည်မှန်းချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် Naypyitaw State Academy  ပရိဝုဏ်အတွင်း၌ ကျင်းပခြင်းမှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ ကျောင်းသား၊ ကျောင်းသူများ၊ဆရာ၊ ဆရာမများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်စေရေး၊ သစ်ပင်သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာပူးပေါင်း ပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့်  ကျင်းပခြင်းဖြစ်သည်။   အနှစ်ချုပ် ဆိုရသော် ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုး ပွဲတော်တွင် သစ်မျိုး ၆ မျိုး၊ အပင် ၁၀၃၀ ပင်စိုက်ပျိုးခဲ့ပြီး တက္ကသိုလ်ပရိဝုဏ်နှင့် လိုက်ဖက်သည့်   ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက်  သစ်မျိုးများကို အစီအစဉ်တကျ စိုက်ပျိုးခဲ့သည်မှာ”စိမ်းလန်းစိုပြည်မြန်မာ့မြေ သစ်ပင်စိုက်လို့လှပစေ” လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။      ။