သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြုပြင်ပေး

 

သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြုပြင်ပေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက်)

      မျက်မှောက်ကမ္ဘာတွင် ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကမ္ဘာတစ်ဝန်းရှိ လူသားများ သိရှိနိုင်စေရန် မီးမောင်းထိုးပြပေးသည့် အနေဖြင့် နှစ်စဉ် ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ကျင်းပလေ့ရှိသည်။  နှစ်စဉ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်များကို သတ်မှတ်လျက်ရှိရာ ယခုနှစ်အတွက်ဆောင်ပုဒ်မှာ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ် ခံနိုင်ရေးမြေယာပြုပြင်ပေး” ဟူ၍ဖြစ်သည်။ မြေယာပျက်စီးမှု၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုဟူသော ပြဿနာသုံးခုမှာ တစ်ခုနှင့်တစ်ခုဆက်စပ်လျက်ရှိသည်။ မိုးခေါင်ရေရှားဖြစ်လျှင် မြေယာများပျက်စီးမည်။

မြေယာများပျက်စီးမှု များပြားလာလျှင် သဲကန္တာရ ဖြစ်ထွန်းလာမည်ဖြစ်သည်။

သဲကန္တာရဖြစ်ထွန်းခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ထင်ရှားသည့် ပတ်ဝန်းကျင်ပြဿနာ တစ်ရပ်ဖြစ်သည်။

ကမ္ဘာ့နေရာအနှံ့အပြားတွင် နှစ်စဉ်မြေဟတ်တာ ၁၂ သန်းခန့်မှာ သဲကန္တာရဖြစ်ထွန်းမှုကြောင့် စိုက်ပျိုးမရသည့်မြေများ အဖြစ် ပြောင်းလဲဖြစ်ပေါ်စေခဲ့သည်။ ယင်းအကျယ်အဝန်းမှာ တောင်အာဖရိကနိုင်ငံ အကျယ် အဝန်း၏ ဆယ်ပုံတစ်ပုံစာရှိကြောင်း သိရသည်။ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေး အတွက် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂသဲကန္တာရနှင့် သဲကန္တာရတိုက်ဖျက်ရေး ဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်တည်ထောင်ရေး ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားရှိသည်။

မြေယာပျက်စီးမှု၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုဟူသော အခက်အခဲများ ပပျောက်စေလိုပါက သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ ရေသုံးစွဲမှုချွေတာခြင်း၊ ရေသယံဇာတများ ထိန်းသိမ်းခြင်းကို  မဖြစ်မနေ လုပ်ဆောင်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွင် သဘာဝကြောင့်ဖြစ်ရခြင်းသည် ၁၀ ရာခိုင်နှုန်းခန့်သာဖြစ်သည်။ လူသားတို့၏ပယောဂ ကြောင့်ဖြစ်ရခြင်းမှာ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ကမ္ဘာ့မြေဆီလွှာ၏ သုံးပုံတစ်ပုံမှာ လူသားတို့၏လုပ်ဆောင်မှုကြောင့် ပျက်စီးနေကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (UNEP) ၏ အချက်အလက်တစ်ခုတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် သဲကန္တာရဖြစ်နိုင်ခြေရှိသော အပူပိုင်းဒေသများတွင် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ်ခြင်း၊ ပြည်သူလူထုသို့ အသိပညာပေးခြင်းနှင့် ပူးပေါင်းပါဝင်စေခြင်း လုပ်ငန်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးစီး ဆောင်ရွက်လျက်ရှိသည်။ သစ်တောဦးစီးဌာနနှင့် အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ခရိုင် ၁၃ ခုတွင် သစ်တောစိုက်ခင်းဧက   လေးသိန်းကျော် စိုက်ပျိုးတည်ထောင်ခြင်း၊ သဘာဝတောဧက ၂ ဒသမ ၂၅ သန်းကို  ကာကွယ်ထိန်းသိမ်းခြင်း၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်အသုံးချရေးနှင့် ရေရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ ၂၀၃၀ ကုလသမဂ္ဂအစီအစဉ်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များပြည့်မီစေရေး အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သဲကန္တာရဖြစ်ပေါ်မှု တိုက်ဖျက်ရေးအတွက် မြေယာပြန် လည်ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် မိသားစုတစ်စုချင်း အနေဖြင့် မိမိတို့ နေအိမ်တွင် ရေများကိုချွေတာသုံးစွဲခြင်း၊  မိုးရေကိုစနစ်တကျ စုဆောင်းအသုံးပြုခြင်းများ အပါအဝင်ရေကို စနစ်တကျစီမံခန့်ခွဲခြင်း၊ အပူဒဏ်လျှော့ချရေးအတွက် ဒေသမျိုးရင်း အပင်များနှင့် ကြီးမြန်သစ်ပင်များကို စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေတွင် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း၊ မိမိတို့လယ်ယာမြေ အစပ်ဧရိယာ တစ်လျှောက်တွင် သစ်ပင်များစိုက်ပျိုးခြင်း၊ မြေဆီလွှာထိန်းသိမ်းပေးခြင်းနှင့် အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် သီးပင်စားပင်မျိုးစုံစိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

သဲကန္တာရဖြစ်ထွန်းမှုကို ဦးတည်စေသည့် အချက်များမှာ  သစ်ကြီးဝါးကြီး ပေါက်ရောက်မှုနည်းပါးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ အခါမဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် အပေါ်ယံမြေဆီလွှာ ဆုံးရှုံးမှုများနှင့်အတူ အပင်များသဘာဝမျိုးဆက်ရန် ခက်ခဲခြင်း စသည့် အခြေအနေများဖြစ်သည်။ ပူပြင်းခြောက်သွေ့ခြင်းနှင့် ရေအရင်းအမြစ်များ ဆုံးရှုံးခြင်းကြောင့် စားရေရိက္ခာ ထုတ်လုပ်နိုင်မှုကို လျော့နည်းလာစေပြီး အဆိုပါ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို လျော့နည်းစေသည်။ သဲကန္တာရဖြစ်ထွန်းခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ပြဿနာ တစ်ရပ်ဖြစ်ကြောင်းကို လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ခန့်မှစပြီး သတိပြုမိလာကြသည်။  ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူး၍ ပထမဆုံးအကြိမ် လူသားနှင့် ပတ်ဝန်းကျင်ညီလာခံကို ကျင်းပခဲ့ပြီး အဆိုပါညီလာခံကျင်းပခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ် ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးဟူသည့် ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။