လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်

 

လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၉ ရက်)

    မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ဒေသတွင်  အကြမ်းဖက်အဖျက်သမားများ ရှိနေပါက ဒေသနေပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားရေးတွင် များစွာအခက်အခဲများ ကြုံတွေ့နေရသည်။ စိတ်ချမ်းသာကိုယ်ကျန်းမာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နေကြရမည့်အစား ကျီးလန့်စာစား ဆိုသကဲ့သို့ဖြစ်နေသည်။ တပ်မတော် နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တစ်နိုင်ငံလုံးဖြန့်ကြက်၍ လုံခြုံရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိသည်။ ရာနှုန်းပြည့်အောင်မြင်ရေး အတွက် ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်ထုတ် သတင်းမီဒီယာများတွင်  အကြမ်းဖက်မှု ပပျောက်ရေး ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကို ဖော်ပြပေးလျက်ရှိသည်။

ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊  လုယက်ခြင်းကို  CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။ ခြိမ်းခြောက်၊ လူသတ်၊ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှု မပြုခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။ ယင်းတို့၏ လက်နက်/ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်းဖက်သမားတို့၏ သတင်းကို လျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။ ပြည်သူလူထုအများစုမှာ အကြမ်းဖက်အုပ်စုများ၏ လုပ်ရပ်များကို စက်ဆုပ်ရွံရှာ မုန်းတီးနေပြီဖြစ်၍ သတင်းပေးပို့မှုများလည်း ရှိနေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၇ ရက်ကကျင်းပသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး   (၃/၂၀၂၄) သို့ တက်ရောက်အမှာစကား ပြောကြားစဉ် “နိုင်ငံတစ်ခု တိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူများက ဆောင်ရွက်ရခြင်း ဖြစ်သကဲ့သို့  နိုင်ငံကိုပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင်  အဓိကပြုလုပ်ခြင်းဖြစ်ကြောင်း၊  အလားတူပင် ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ  အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံအဖျက်သမား အကြမ်းဖက်များပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်  ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များကို အဆိုပါ ဒေသတွင်နေထိုင်ကြသည့်  ဒေသခံအကြမ်းဖက်များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အခြားဒေသတွင် နေထိုင်သူများက လာရောက်လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊  မိမိဒေသကို ဖျက်ဆီးနေသူများဖြစ်ကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။

အကြမ်းဖက်အဖျက်သမားတို့မှာ မိမိဒေသကို မိမိတို့ဖျက်ဆီးနေသူများဖြစ်၍ “အရိပ်နေနေ၊ အခက်ချိုးချိုး”ပြုလုပ်နေသူများဖြစ်သည်။  အကြမ်းဖက်သမားများကို လူထုအားဖြင့် ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်  လုံခြုံတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိသည်။  ပြည်ပနိုင်ငံများအနေဖြင့်  အကြမ်းဖက် လုပ်ရပ်ဆောင်ရွက်နေသည့်  အဖွဲ့အစည်းများကို အကြောင်းအမျိုးမျိုးဖြင့်   တိုက်ရိုက်သော် လည်းကောင်း၊  သွယ်ဝိုက်၍သော် လည်းကောင်း အကူအညီပေးလျက်ရှိသည်ကို ထင်ရှားစွာတွေ့မြင်နေရသည်။ အဆိုပါနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ ပျက်စီးရေးကို  အစဉ်တစိုက်ရှေးရှု လုပ်ဆောင်နေသူများဖြစ်ပြီး  မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ ကောင်းကျိုးစီးပွားကိုဦးတည်သည့်   လုပ်ဆောင်ချက်မျိုး မရှိပေ။  အကြမ်းဖက်အဖျက်သမားတို့ အဖျက်လုပ်ရပ်များကို မသိကျိုးကျွန်ပြုလျက်ရှိသည်။

တစ်နိုင်ငံလုံးဖြန့်ကြက်၍ လုံခြုံရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်   တာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်။   သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေကြသူများအတွက် သက်စွန့်ဆံဖျားစရိတ် များကို တိုးမြှင့်ပေးနိုင်ရေးကို ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ လုံခြုံရေးနှင့်ပတ်သက်၍ အချို့ဒေသများတွင် ငြိမ်းချမ်းမှုကို လိုလားသည့် တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး  သောင်းကျန်းသူများထံ ပေးပို့မည့်  လက်နက်ခဲယမ်းများကို တားဆီးပိတ်ဆို့နိုင်ခဲ့သည့် သတင်းများမှာ ပြည်သူများအတွက် ဝမ်းသာဖွယ် သတင်းကောင်းများဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လမ်းပန်းဆက်သွယ်မှုများ မပြတ်တောက်စေရေးနှင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့လက်လွှတ်ခဲ့ရသောမြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်းများမှာ အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များ ပျက်စီးအောင်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အလွန်စိတ်ထားသေးသိမ်သည့် လုပ်ရပ်များပင်ဖြစ်သည်။ အဆိုပါလုပ်ရပ်များကိုပင် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများ ထုတ်ပြန်ကာ လိမ်လည်ဝါဒ ဖြန့်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်  ပြည်သူလူထုနှင့် ပူးပေါင်းကာလုံခြုံရေးပိုင်းနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။