နိုင်ငံတကာ အားကစားပြိုင်ပွဲတွင် အောင်ပွဲရရှိသည့် ကစားသမားများအား ဂုဏ်ပြု

၂ဝ၁၉-၂ဝ၂ဝ ပြည့်နှစ်အတွင်း ကျင်းပခဲ့သော အကြိမ်(၃ဝ)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သည့် မန္တလေးတိုင်း ဒေသကြီး အားကစားအသင်းများနှင့် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို သြဂုတ်၁၂ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက်၂ဝ၁၉-၂ဝ၂ဝ ပြည့်နှစ်အတွင်း ကျင်းပခဲ့သည့် နိုင်ငံတကာ အားကစားပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဆု ရရှိခဲ့ကြသည့် ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ စက်ဘီး၊ ဘောလုံး၊ ဖူဆယ်၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ကာယဗလနှင့် ကာယအလှပြိုင်ပွဲဝင်   အသင်းခေါင်းဆောင်နှင့် အုပ်ချုပ်သူများက မိမိတို့ရရှိသော ဆုများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အပ်နှံကြသည်။

ဆက်လက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက အောင်ပွဲရ အားကစားအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဂုဏ်ပြုဆုပေးအပ်ပြီး အောင်ပွဲရ အားကစားအသင်းများ ကိုယ်စား မန္တလေးတိုင်းဒေသကြီး   ဝူရှူးအသင်း အုပ်ချုပ်သူ ဦးကျော်အေးက   ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။