ဝါစိုက်ပျိုးမှုတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း

 

ဝါစိုက်ပျိုးမှုတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၁၀ ရက်)

မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပတ်သက်၍   ဝါသီးနှံအထွက်နှုန်း တိုးတက်ထွက်ရှိရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ အရည်အသွေးမြင့်မားသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြောက်ခုရှိ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု၌ စိုက်ပျိုးဧက ၆၁၂၇၁၂ ဧကစိုက်ပျိုးထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။ နှစ်စဉ်တိုးတက် စိုက်ပျိုးသွားမည်ဖြစ်ပေရာ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံဧက ပေါင်း ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တစ်ဧကအထွက်နှုန်း ဝါပိဿာ ၇၀၀ ရရှိရေးဆောင်ရွက် သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အစဉ်အဆက် ဝါစိုက်ပျိုး ထုတ်လုပ်ခဲ့သော်လည်း ဝါဂွမ်းကိုခေတ်မီ နည်းစနစ်တကျ ထုတ်လုပ်နိုင်မှု အားနည်းခြင်းကြောင့် ပြည်ပသို့တင်ပို့ရာတွင် ကုန်ကြမ်းအတိုင်း တင်ပို့နေရသည်။

ပြည်ပမှဝါထွက်ပစ္စည်းများနှင့် ချည်ထည်များကို နှစ်စဉ်တင်သွင်းနေရသည်။ ဝါစိုက်ပျိုးမှု လျော့နည်းလာခြင်းနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှု လျော့နည်းခဲ့သည်။ မြန်မာနိုင်ငံ၏ ဝါစိုက်ပျိုးထုတ်လုပ်မှု မှာတစ်နှစ်ထက်တစ်နှစ် ထုတ်လုပ်မှု လျော့နည်းလာသည့်အတွက် နိုင်ငံတော်အစိုးရက ဝါသီးနှံစိုက်ပျိုးရေးကို ပိုမိုတိုးတက်အောင် အလေးထားဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ရာ စိုက်ပျိုးရေးထွက်ကုန် အမျိုးမျိုးဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သောစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးကို ဦးတည်လျက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားရေး၊ တစ်ဧက အထွက်နှုန်းမြင့်မားစွာ ရရှိစေရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်နေ သောအဝတ်အထည်နှင့် လူမှုအသုံးအဆောင်များ အတွက် ကုန်ကြမ်းဖြစ်သော ဝါဂွမ်းများပြည်တွင်းတွင် ဖူလုံစွာထွက်ရှိနိုင်ရေးအပြင် ကုန်ချောများကို ပြည်ပသို့တင်ပို့ ရောင်းချခြင်းဖြင့် နိုင်ငံ့စီးပွား တိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှား ဒေသကြီးများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီးနှင့်   ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းတို့တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဝါချည်ဖြင့်ရက်လုပ်သော အထည်အလိပ်များသည်   နွေရာသီတွင်အေးကာ ဆောင်းရာသီတွင် နွေးပြီး ချည်ထည်တို့မှာ ကြာရှည်ခိုင်ခံ့ခြင်း၊ ဝတ်ဆင်ရာ၌ သက်သောင့်သက်သာရှိခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ငွေကြေးသင့်တင့်သောကြောင့် လူတန်းစားအလွှာမရွေး လက်လှမ်းမီသောအထည် အလိပ်ဖြစ်၍ အသုံးပြုသူ များပြားလျက်ရှိသည်။

ဝါဂွမ်းသည်  လူသုံးပစ္စည်း အမြောက်အမြားပြုလုပ်ရန် အသုံးဝင်ရုံသာမက   ဝါစေ့များကိုလည်း ဆီကြိတ်၍ ဝါစေ့ဆီထုတ်ယူနိုင်သည်။ ဆီကြိတ်၍ကျန်ရှိသော ဝါစေ့ဖတ်နှင့် ဝါစေ့ခွံတို့သည်လည်း လူသုံးပစ္စည်းအဖြစ် အသုံးပြုကြသည်။ အရည်အသွေးကောင်း ဝါပိဿာ ၁၀၀ အားစွမ်းအားပြည့်ဝါကြိတ်စက်၊ ဝါစေ့ဆီသန့်စက်တို့ဖြင့်ကြိတ်ခွဲ ထုတ်လုပ်ခြင်းဖြင့် ဝါဂွမ်း ၃၆ ပိဿာ၊ လင်တာဂွမ်း လေးပိဿာ၊  ဝါစေ့ဆီသန့် ၅ ဒသမ ၂၅ ပိဿာ၊ ဝါစေ့ဆီချေး ၁ ဒသမ ၇၅ ပိဿာနှင့် ဝါစေ့ကြိတ်ဖတ် ၅၃ ပိဿာတို့ကိုရရှိမည်ဖြစ်သည်။ ထွက်ရှိလာသည့် အဆိုပါထုတ်ကုန်များ အားလုံးသည် ဈေးကွက်ဝယ်လိုအားရှိသော ကုန်စည်များဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု ကဏ္ဍကိုမြှင့်တင်ပြီး ပြည်ပပို့ကုန်ပိုမို တင်ပို့ရေး၊ သွင်းကုန်အစားထိုး ထုတ်လုပ်ရေးတို့ကို နိုင်ငံတော်ကအားပေး ဆောင်ရွက်လျက်ရှိသည်။ ဝါသီးနှံတိုးချဲ့ စိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိစေရေးအတွက် အရည်အသွေးကောင်း ဝါမျိုးများအသုံးပြုနိုင်ရေး၊ မျိုးစေ့ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းတိုးတက် ကောင်းမွန်ရေးနှင့် ဝါသီးနှံ၏ဈေးကွက် အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနများမှပေါင်းစပ် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ချည်မျှင်ရှည်ဝါစိုက်ပျိုးသည့်ဧရိယာများအား နှစ်အလိုက် တိုးမြှင့်စိုက်ပျိုးကြရမည်ဖြစ်သည့်အလျောက် ဝါစိုက်ပျိုးသူ တောင်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့ပြင်ဝါစိုက်တောင်သူများအတွက် ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ နှစ်စဉ်ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဝါမျိုးများ စုဆောင်းထိန်းသိမ်းခြင်း၊ ဝါမျိုးများမွေးမြူရွေးချယ်ခြင်း လုပ်ငန်းများ၊ ဝါမျိုးကောင်းမျိုးသန့်များကို မျိုးသန့်အဆင့်အလိုက် မျိုးသန့်ပွားများခြင်း လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၏ ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံများတွင် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ပန်းတိုင်ဝါစိုက်ဧက ရောက်ရှိရေး၊ ပြည်တွင်းချည်သုံးစွဲမှု ဖူလုံရေး၊ ပိုလျှံဝါဂွမ်းများမှ ပို့ကုန်ဝင်ငွေရရှိရေး၊ ဝါစေ့ဆီသန့်များဖြင့် ပြည်ပစားအုန်းဆီ တင်သွင်းမှုအစားထိုး လျှော့ချရေးစသည့် ကွင်းဆက်လုပ်ငန်း တစ်လျှောက်လုံးအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် ကွင်းဆက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်းတိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။