ဥရောပသမဂ္ဂက ဝယ်ယူထားသော ကာကွယ်ဆေးများမှ ၅ ရာခိုင်နှုန်းကို ဆင်းရဲသော နိုင်ငံများသို့ လှူဒါန်းမည်

ဥရောပသမဂ္ဂသည် ၎င်းတို့ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအနက် ၅ ရာခိုင်နှုန်းကို ဆင်းရဲသော နိုင်ငံများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ပြင်သစ်အစိုးရက မူကြမ်းရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ကာကွယ်ဆေးလှူဒါန်းခြင်းအတွက် အဓိကထား၍ ပထမဆုံးအကြိမ်ရေးဆွဲခြင်း ဖြစ်သည်။

ထိုမူကြမ်းကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက သဘောတူထောက်ခံရန် လိုအပ်ပြီး ၎င်းအစီအစဉ်အရ သမဂ္ဂက ဆင်းရဲသော နိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ၆၅ သန်းကို လှူဒါန်းမည်ဖြစ်သည်။    

ဥရောပသမဂ္ဂသည် ဖိုင်ဇာနှင့် ဘိုင်အိုအန်တက်ကုမ္ပဏီ၊ မော်ဒန်နာ၊ ဂျွန်ဆန်နှင့် ဂျွန်ဆန်ကုမ္ပဏီ၊ အက်စထရာဇီနီကာနှင့် အောက်စဖို့၊ ဆာနိုဖီနှင့် ဂျီအက်ကေနှင့် ကူးဝါးဗက်ကုမ္ပဏီတို့က ထုတ်လုပ်သည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ ဒသမ ၃ ဘီလီယံကို ဝယ်ယူမည်ဖြစ်ပြီး ၎င်းတို့ အနက်မှ ၅ ရာခိုင်နှုန်းကို လှူဒါန်းမည် ဖြစ်သည်။

မည်သည့်နိုင်ငံများက ကာကွယ်ဆေးကို အလိုအပ်ဆုံးဖြစ်မည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပူးတွဲတာဝန်ယူထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးခွဲတမ်း အစီအစဉ်မှတစ်ဆင့် သတင်းရယူသွားမည် ဖြစ်သည်။

သို့သော် ကုန်ကျစရိတ်သက်သာ စေရေးအတွက် ဥရောပသမဂ္ဂနှင့်သဘောတူထားသည့် ကာကွယ်ဆေး ထုတ်လုပ်ရေး ကုမ္ပဏီများမှ ဆင်းရဲသော နိုင်ငံများသို့ တိုက်ရိုက် ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

Ref: TST