မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်များ ကျင်းပမည်

 

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်များ ကျင်းပမည်

 

ရန်ကုန် ဇွန် ၉

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပမည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ    ပွဲစဉ်(၇)ပွဲစဉ်များကို ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်တို့၌ ရန်ကုန်မြို့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်များအဖြစ် ဇွန်လ ၁၀ ရက် ညနေ ၃ နာရီခွဲတွင့်ှဃ အားကစားကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ ဇွန်လ ၁၁ ရက် ညနေ ၃ နာရီခွဲတွင် စလင်းအားကစားကွင်း၌ ရှမ်းယူနိုက် တက်အသင်းနှင့် သစ္စာအားမာန်အသင်း၊ ပဒုမ္မာအားကစားကွင်း၌  ISPEအသင်းနှင့့် YREO  အသင်းတို့  ကစားသွားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)အပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းက ငါးပွဲကစားခဲ့ပြီး လေးပွဲနိုင် တစ်ပွဲရှုံး ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်နေပြီး  ISPE  အသင်းက ငါးပွဲကစားအပြီး သုံးပွဲနိုင် နှစ်ပွဲသရေ ရမှတ် ၁၁ မှတ်ဖြင့် အဆင့်(၂)၊ မြဝတီအသင်းက ခြောက်ပွဲကစားအပြီး သုံးပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံး ရမှတ် ၁၀ မှတ်ဖြင့် အဆင့်(၃)၊  ဧရာဝတီအသင်းက ငါးပွဲကစားအပြီး သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး ရမှတ် ၁၀ မှတ်ဖြင့် အဆင့်(၄)၊ သစ္စာအားမာန်အသင်းက ငါးပွဲကစားပြီး    တစ်ပွဲနိုင် နှစ်ပွဲသရေ နှစ်ပွဲရှုံး  ရမှတ် ငါးမှတ်ဖြင့် အဆင့်(၅)၊  YREO အသင်းက ငါးပွဲကစားပြီး တစ်ပွဲနိုင် လေးပွဲရှုံး ရမှတ် သုံးမှတ်ဖြင့် အဆင့်(၆)နှင့် ရှမ်းယူနိုက်တက်အသင်းက ငါးပွဲကစားပြီး နိုင်ပွဲမရှိသေးဘဲ  ငါးပွဲစလုံးရှုံးနိမ့်ခဲ့ကာ အဆင့်(၇) နေရာတွင်   အသီးသီးရပ်တည်လျက်ရှိနေသည်။

အလားတူ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)အပြီး သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင်လည်း မြဝတီအသင်းမှ ရူပါခိုင်နှင့် ဖြူဖြူဝင်းက ငါးဂိုး၊ ဧရာဝတီအသင်းမှ စန်းသော်သော်က ငါးဂိုးဖြင့် ထိပ်ဆုံးတွင် ပူးတွဲ ရပ်တည်နေကြောင်း သိရသည်။