အမေရိကန် အစိုးရဝန်ကြီးဌာနများ ဆိုက်ဘာတိုက်ခိုက်ခံရ

အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနအပါအဝင် အစိုးရဌာနများ   ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း သတင်းဌာနများက ဖော်ပြပြီးနောက်  အမေရိကန်အစိုးရကဝန်ကြီးဌာနများသို့ အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အစိုးရဝန်ကြီးဌာနများအနေဖြင့် SolarWinds ကုမ္ပဏီထုတ် Orion It ထုတ်ကုန်များကို အသုံးပြုမှုရပ်ဆိုင်းရန် ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးဌာန(CISA)က ဒီဇင်ဘာ ၁၃ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ဟက်ကာများသည် မကြာသေးမီက လုပ်ဆောင်ထားသည့် အဆင့်မြှင့်တင်မှုကို အသုံးပြု၍ အစိုးရဌာနတွင်း   ဆက်သွယ်ရေး ချိတ်ဆက်မှုကို ရယူရန် ကြိုးပမ်းကြောင်း CISA က ထုတ်ပြန်ပြီးနောက် အဆိုပါထုတ်ကုန်များကို အသုံးပြုမှု ရပ်ဆိုင်းခိုင်းလိုက်ခြင်း ဖြစ်သည်။

နည်းပညာကုမ္ပဏီဖြစ်သည့် SolarWinds ကလည်း ဟက်ကာများ အနေဖြင့် မတ်လနှင့်ဇွန်လတွင် အဆင့်မြှင့်တင်ဖြန့်ချိခဲ့သည့်  ကုမ္ပဏီ၏ ဆော့ဝဲရှိ ဟာကွက်ကို အသုံးချကာ ဆိုက်ဘာတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဝန်ခံထားသည်။

ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုကို ပြည်ပနိုင်ငံတစ်နိုင်ငံက လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ ကျယ်ပြန့်သော ကွန်ရက်တစ်ခုလုံးကို   တိုက်ခိုက်မည့်အစား သတ်မှတ်ပစ်မှတ်ကိုသာ တိုက်ခိုက်နိုင်ရန်  ရည်မှန်းထားခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ ကုမ္ပဏီက ဆက်ပြောသည်။

အဆိုပါဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် နာမည်ကျော်ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီဖြစ်သည့် FireEye လည်း ပါဝင်ကြောင်း၊ ကုမ္ပဏီက ဖောက်သည်များ၏ ကွန်ပျူတာများကို စမ်းသပ်ရန် အသုံးပြုသည့် ဆော့ဝဲများကို ဟက်ကာများက ခိုးယူပြီးနောက် ကုမ္ပဏီ၏ ပင်မလုံခြုံရေးစနစ် အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း FireEye ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ထို့ပြင် ဆိုက်ဘာတိုက်ခိုက်မှုကို ခံရသူများတွင် မြောက်အမေရိကတိုက်ရှိ အစိုးရအဖွဲ့၊ အတိုင်ပင်ခံအဖွဲ့၊   နည်းပညာကုမ္ပဏီများနှင့် ဆက်သွယ်ရေး ကုမ္ပဏီများလည်း ပါဝင်ကြောင်း သိရသည်။

ယခုအခါ   အမေရိကန်ဗဟိုစုံစမ်းစစ်ဆေးရေး အဖွဲ့က ရုရှား၏ပြည်ပထောက်လှမ်းရေးဌာနအတွက် အလုပ်လုပ် ပေးနေသည့် အဖွဲ့တစ်ဖွဲ့ကို စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်းနှင့် ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုခံနေရသည်မှာ လပေါင်းများစွာ ကြာနေပြီဖြစ်ကြောင်း အမေရိကန်သတင်းဌာနများက ဖော်ပြထားသည်ဟု သိရသည်။                 

 Ref: Bangkok Post