စင်ကာပူက ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အသုံးပြုခွင့်ပေး

စင်ကာပူအစိုးရက ဖိုင်ဇာနှင့် ဘိုင်အိုအန်တက်ကုမ္ပဏီထုတ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အသုံးပြုခွင့်ပေးကြောင်းနှင့် ယခုနှစ်ကုန်တွင် ကာကွယ်ဆေးပထမအသုတ် ရောက်ရှိမည်ဟု မျှော်မှန်းရကြောင်း ဝန်ကြီးချုပ် လီရှန်လွန်းက ဒီဇင်ဘာ ၁၄ ရက်တွင်ပြောသည်။

လူဦးရေ ၅ ဒသမ ၇ သန်းသာရှိသည့် မြို့ပြနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံအတွင်းရှိ နိုင်ငံသားအားလုံးအတွက် လုံလောက်မည့် ကာကွယ်ဆေးအားလုံးမှာ ၂၀၂၁ ခုနှစ် တတိယသုံးလပတ်တွင် ရရှိမည်ဟု မျှော်မှန်းရကြောင်း လီရှန်လွန်းက ဆက်ပြောသည်။

ထို့ပြင်  အဆိုပါ  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးများကို  စင်ကာပူနိုင်ငံသား အားလုံးနှင့် နှစ်ရှည်နေထိုင်သူများကို အခမဲ့ထိုးပေးသွားမည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

ကာကွယ်ဆေးကိုဦးစွာ ထိုးနှံခွင့် ရရှိမည့်သူများမှာ    ကျန်းမာရေးဝန်ထမ်းများ၊ ကပ်ရောဂါတိုက်ဖျက်ရေးရှေ့တန်း၌ရှိသူ များ၊  သက်ကြီးရွယ်အိုများနှင့်  ရောဂါကူးစက်လွယ်သူများဖြစ်သည်။

ထိုသူများအားလုံးကို ကာကွယ်ဆေးထိုးပေးပြီးမှသာ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များက   ကာကွယ်ဆေးထိုးမှုကို ခံယူမည်ဖြစ်ကြောင်း လီရှန်လွန်းကပြောသည်။

တစ်ချိန်တည်းမှာပင်   စင်ကာပူနိုင်ငံအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးမဟာဗျူဟာ၏  တတိယနှင့် နောက်ဆုံး အဆင့်ကို ဒီဇင်ဘာ ၂၈ ရက်မှစ၍ လုပ်ဆောင်သွားမည ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နောက်ဆုံးအဆင့်တွင်   နိုင်ငံအတွင်းသတ်မှတ်ထားသည့် ကန့်သတ်ချက်များကို   ဖြေလျှော့ပေးမှုလည်း ပါဝင်ကာ ပြည်တွင်းကူးစက်မှု မရှိသည်မှာ ရက်ပေါင်းများစွာကြာပြီးနောက်  ယခုအစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်။

ထို့ပြင် နေအိမ်ပြင်ပ၌လူအများစုဝေးနိုင်သည့်ပမာဏကို  ငါးဦးမှ  ရှစ်ဦးအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ကုန်တိုက်ကြီး များ၊ လူအများစိတ်ဝင်စားသည့် နေရာများနှင့် ဘာသာရေးနေရာများတွင် လူအင်အား ကန့်သတ်ထားမှုကိုလည်း  ဖြေလျှော့ပေးသွားမည်ဖြစ်သည်။

သို့သော် အစိုးရအနေဖြင့် ထိုသို့ဖြေလျှော့မှုများလုပ်ပေးခြင်းမှာ ကပ်ရောဂါတိုက်ဖျက်ရေးစစ်ပွဲကို အောင်နိုင်ခြင်းကြောင့် မဟုတ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို အမြစ်မဖြတ်နိုင်သေးကြောင်း   ပြည်သူများအနေဖြင့် သတိပြုရန် ဝန်ကြီးချုပ်က တိုက်တွန်းထားသည်ဟု သိရသည်။

Ref: Bangkok Post