ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲအဖြစ် မြောက်ကိုရီးယားနှင့် မြန်မာ ယနေ့ကစားမည်

 

ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲအဖြစ် မြောက်ကိုရီးယားနှင့် မြန်မာ ယနေ့ကစားမည်

 

    ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲများကို ဇွန်လ  ၁၁  ရက်(ယနေ့)တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး   မြန်မာအသင်းသည် မြောက်ကိုရီးယားအသင်းနှင့် ကြားကွင်းယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

မြောက်ကိုရီးယားအသင်းနှင့် မြန်မာအသင်းတို့သည် ဇွန်လ ၁၁ ရက်(ယနေ့) မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ရှိ  New Loas National ကွင်း၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ အုပ်စု(B)တွင် နောက်ဆုံးပွဲ နှစ်ပွဲစလုံးမှာ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ရှိနေသဖြင့် အဆုံးအဖြတ်ပွဲများဖြစ်နေသည်။   အုပ်စုပွဲစဉ်(၅)အပြီးတွင် အာရှထိပ်သီးဂျပန်အသင်းက ရမှတ် ၁၅ မှတ်ဖြင့် နောက်တစ်ဆင့်တက်ရောက်သွားပြီဖြစ်ပြီး ဆီးရီးယားအသင်းက ခုနစ်မှတ်၊ မြောက်ကိုရီးယားအသင်းကခြောက်မှတ်၊ မြန်မာအသင်းက တစ်မှတ်ရရှိထားသည်။

ကမ္ဘာ့ဖလားတတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ခွင့် တစ်နေရာအတွက် ဆီးရီးယားအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့ မျှော်လင့်ချက်ရှိနေပြီး ဆီးရီးယားအသင်းမှာမူ ဂျပန်အသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သောကြောင့် အခွင့်အရေးနည်းနေသည်။ မြန်မာအသင်းနှင့် ကစားရမည့် မြောက်ကိုရီးယား အသင်းမှာမူ အနိုင်ကစားနိုင်ရုံဖြင့် ကမ္ဘာ့ဖလား တတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ခွင့်ရှိနေခြင်းဖြစ်သည်။

မြောက်ကိုရီးယားအသင်းသည် အိမ်ကွင်းနှစ်ပွဲကို မြောက်ကိုရီးယားနိုင်ငံ၌ လက်ခံကျင်းပနိုင်ခြင်း မရှိသဖြင့် ကြားကွင်းဖြစ်သည့်လာအိုနိုင်ငံ၌ ကျင်းပခြင်းဖြစ်သည်။ မြောက်ကိုရီးယားအသင်းသည် မြန်မာအသင်းကို ပထမအကျော့တွင် ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ရထားသည်။

အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲများကို ဇွန်လ ၁၁ ရက်(ယနေ့)တွင် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ဖလား တတိယအဆင့် ခြေစစ်ပွဲ တက်ရောက်ခွင့်ရမည့် ငါးသင်းထွက်ပေါ်ရန် ကျန်ရှိနေသည်။