ရုရှားကို တိုက်ခိုက်မည့် လေယာဉ်များထားရာ လေယာဉ်ကွင်းများ အားလုံး တရားဝင် ပစ်မှတ်ဖြစ်မည်

 

ရုရှားကို တိုက်ခိုက်မည့် လေယာဉ်များထားရာ လေယာဉ်ကွင်းများ အားလုံး တရားဝင် ပစ်မှတ်ဖြစ်မည်

 

    ရုရှားကို တိုက်ခိုက်ရာတွင်   ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်ပေးမည့် လေယာဉ်များထားရာ လေယာဉ်ကွင်းများ အားလုံးသည် ရုရှားစစ်ဘက်၏ တရားဝင်ပစ်မှတ်များ ဖြစ်မည်ဖြစ်ကြောင်း ရုရှားလွှတ်တော် အမတ်တစ်ဦးက   ဇွန်လ ၁၀ ရက်တွင်သတိပေးသည်။

ယူကရိန်းနိုင်ငံက အနောက်အုပ်စုမှနေ၍ အမေရိကန်နိုင်ငံထုတ် F-16 တိုက်လေယာဉ် ပထမအသုတ်ကို လက်ခံရယူရန်  ပြင်ဆင်နေစဉ် ရုရှားဒူးမားလွှတ်တော် ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ အန်ဒရေကာတာပိုလော့က သတိပေးလာခြင်းဖြစ်သည်။

အကယ်၍ F-16 တိုက်လေယာဉ်များကို ၎င်းတို့၏ မူလရည်ရွယ်ချက်အတိုင်း အသုံးပြုခြင်းမရှိပါက သို့မဟုတ် ယူကရိန်းသို့ပေးပို့နိုင်ရေးအတွက်    ထိန်းသိမ်းထားပါက ထိုတိုက်လေယာဉ် ထောက်ပံ့ပေးသည့် နိုင်ငံများသည် ပစ်မှတ်ထားခံရမည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

သို့သော် ထိုတိုက်လေယာဉ်များသည် ယူကရိန်းမဟုတ်သည့် ပြည်ပနိုင်ငံများရှိ လေယာဉ်ကွင်းများမှ ပျံတက်ကာ   ရုရှားစစ်ဘက်ကို တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက ထိုလေယာဉ်များသာမက   ၎င်းတို့အခြေစိုက်ရာ လေယာဉ်ကွင်းများအားလုံးသည်   ရုရှားတို့၏ တရားဝင်ပစ်မှတ်များ ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် ရုရှားစစ်ဘက်အနေဖြင့် မည်သည့်ပစ်မှတ်ကိုမဆို၊    မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်စွမ်းရှိကြောင်း လွှတ်တော်အမတ် ကဆက်ပြောသည်။

ရုရှားကိုတိုက်ခိုက်ရေးအတွက် အနောက်အုပ်စုက ထောက်ပံ့ပေးမည့် F-16 တိုက်လေယာဉ်တချို့သည် ပြည်ပလေယာဉ်ကွင်းများတွင်  အခြေစိုက်သွားမည်ဖြစ်ကြောင်း ယူကရိန်းလေတပ်ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ဇွန်လ ၉ ရက်တွင် ပြောထားသည်။

လက်ရှိတွင် ယူကရိန်းတိုက်လေယာဉ်မှူး တချို့ကို F-16 တိုက်လေယာဉ်ကိုင်တွယ် ထိန်းသိမ်းမောင်းနှင်ရေးအတွက် လေ့ကျင့် ပေးလျက်ရှိရာ လေယာဉ်မှူး အရေအတွက်နှင့်ကိုက်ညီမှုရှိသည့် လေယာဉ်အရေအတွက်ကိုသာ ယူကရိန်းနိုင်ငံအတွင်း ထားရှိမည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ကျန်ရှိသော  တိုက်လေယာဉ်များကိုမူ ရုရှားစစ်ဘက်၏   တိုက်ခိုက်မှုအောက်မှ လွတ်မြောက်ရာ ပြည်ပလေတပ်စခန်းများ၌ အရန်အဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းကပြောထားမှုအပေါ် ရုရှားလွှတ်တော်အမတ်က  ယခုကဲ့သို့  တုံ့ပြန်လာခြင်းဖြစ်သည်။

လတ်တလောတွင် ဘယ်ဂျီယံ၊ ဒိန်းမတ်၊ နော်ဝေနှင့် နယ်သာလန်တို့က   ယူကရိန်းနိုင်ငံသို့ F-16  တိုက်လေယာဉ်များ လွှဲပြောင်း ပေးရန် သဘောတူထားသည်။

တစ်ချိန်တည်းမှာပင် အနောက်အုပ်စုက ယူကရိန်းသို့  F-16  တိုက်လေယာဉ်များ လွှဲပြောင်းပေးခြင်းကို နျူကလီးယား အန္တရာယ် တစ်ခုအဖြစ် သတ်မှတ်ကြောင်း၊   NATO အုပ်စု၏ ပူးတွဲနျူကလီးယား စစ်ဆင်ရေးများတွင် ထိုလေယာဉ်များကို အသုံးပြုလာနိုင် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ ကပြောသည်။