ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတ (၃၈ဖြာမင်္ဂလာ) ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတ (၃၈ဖြာမင်္ဂလာ) ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်  ဇွန်  ၁၀

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတ(၃၈ ဖြာမင်္ဂလာ) ပြိုင်ပွဲဆု ချီးမြှင့်ပွဲနှင့် ဆဋ္ဌမအကြိမ်ပြိုင်ပွဲအတွက် အကြိုမိတ်ဆက် ရှင်းလင်းခြင်းအခမ်းအနားကို    ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက်မှ World-PEC ဦးစီးနာယက ဆရာတော် လုံဖိကိရတိ ကိသိကောနှင့် တာဝန်ရှိသူများ၊ World-PEC ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ခံ ဒုတိယ ဗိုလ်ချုပ်ကြီး သောင်းအေး(အငြိမ်းစား)နှင့် သာသနာနုဂ္ဂဟအဖွဲ့ဝင်များ၊ ဆုရဆရာ၊ ဆရာမများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊ ဆဋ္ဌမအကြိမ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်   ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး World-PEC ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ခံ ဒုတိယဗိုလ်ချုပ်ကြီးသောင်းအေး(အငြိမ်းစား)က အဖွင့်မိတ်ဆက် စကားပြောကြားပြီး ထိုင်းနိုင်ငံ ဓမ္မကာယ ကျောင်းတိုက်မှ World-PEC ဦးစီးနာယက ဆရာတော် လုံဖိကိရတိ ကိသိကောက သြဝါဒ မိန့်ကြားသည်။

ဆက်လက်၍ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတ(၃၈ ဖြာမင်္ဂလာ)ပြိုင်ပွဲတွင် ဆုရကျောင်းသား၊  ကျောင်းသူများအား ဦးစီးနာယကဆရာတော် လုံဖိကိရတိ ကိသိကောနှင့် ဆရာတော်လုံဖိဖရာ မာဆုကျိန်းတို့က ဆုများချီးမြှင့်သည်။

ထို့နောက် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတ(၃၈ ဖြာ မင်္ဂလာ)  ဖြေဆိုမည့်ကျောင်းသား၊  ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် စာအုပ်များ ပေးအပ်ပြီး ပြိုင်ပွဲဆောင်ရွက်ရမည့် အခြေအနေအား ဌာနမှူး  မပိအင်ဇလီနှင့် ဆရာလေး ဒေါ်ဉာဏစာရီတို့က Power Point ဖြင့် ရှင်းလင်းတင်ပြကာ ပြိုင်ပွဲနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်း ဖြေကြားသည်။

ထို့ပြင်ရန်ကုန်တိုင်း သာသနာနုဂ္ဂဟအဖွဲ့ဥက္ကဋ္ဌ ဦးတင်မိုးအောင်(ခ) ဦးနေရှိုင်းက အခြေခံပညာ အထက်တန်း ကျောင်းများ အတွက် သင်ကြားပေးမည့် ဆရာ၊ ဆရာမများကို ပြိုင်ပွဲဝင်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်ပေးပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်း ကြောင်း သိရသည်။   

သိန်းဝင်း