တပ်ကုန်းမြို့နယ်အတွင်းရှိ ဝါစိုက်သမဝါယမ အသင်းသားတောင်သူများထံ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သွင်းအားစုများ ထောက်ပံ့ပေးအပ်

တပ်ကုန်းမြို့နယ်အတွင်းရှိ ဝါစိုက်သမဝါယမ အသင်းသားတောင်သူများထံ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သွင်းအားစုများ ထောက်ပံ့ပေးအပ်

နေပြည်တော်  ဇွန်  ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း တွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာသို့ သွားရောက်ပြီး တံခွန်တိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီ၊ သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက တပ်ကုန်းမြို့နယ် အတွင်း ဝါစိုက်ပျိုးရန် သမဝါယမအသင်းများဖွဲ့စည်းမှု၊ ပြင်ဆင်မှု၊ မျိုးနှင့်သွင်းအားစုများ ဖြည့်ဆည်း ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများ လိုအပ်သည့် မျိုး၊  စိုက်ပျိုးရေ၊ သွင်းအားစုများ ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အထွက်တိုး မျိုးပြောင်းလဲစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်နည်းစနစ်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးပြုရန် လမ်းညွှန်မှုများအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အဆင့်မီဝါများရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ လိုအပ်သည့် နေရာများတွင် ဝါကြိတ်စက်၊ ဝါစေ့ဆီစက်များထူထောင်လိုပါက ရင်းနှီးမတည်ပေးနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝါသီးနှံသာမက စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးမည်ဆိုပါကလည်း လိုအပ်သည့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တံခွန်တိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမ အသင်းမှ အသင်းသားတောင်သူများထံ RAKA-666 ဝါမျိုး၊ ဓာတ်မြေသြဇာများနှင့် သဘာဝမြေသြဇာ များ ထောက်ပံ့ပေးအပ်ပြီး အသင်းသားတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးထားမှုနှင့် ဆီထွက် သီးနှံများ စိုက်ပျိုးထားမှုကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာရှိ ကျောက်စိမ်း လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၌ ဆီစက်ရုံတိုးချဲ့ တည်ဆောက်နေမှုကို လည်း ကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)