မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှ ဆက်လက်ဦးဆောင်

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှ ဆက်လက်ဦးဆောင်

ရန်ကုန်  ဇွန်  ၁၀

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင်ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ရှိခဲ့ပြီး  အမှတ်ပေးဇယားထိပ်ဆုံးမှ  ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ရန်ကုန်ယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ကာပွဲချိန် ၁၉ မိနစ်တွင် ယွန်းဝတီလှိုင်က ရန်ကုန်ယူနိုက်တက်အသင်းအတွက်  ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဧရာဝတီယူနိုက်တက်အသင်း၏ ပြန်လည်ဖိအားပေးမှုများကြောင့်  ပထမပိုင်းကထက် ပိုမိုအကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် အေးအေးထွေးက ရန်ကုန် ယူနိုက်တက်အသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ကာ လက်ကျန်ပွဲချိန်များတွင် နှစ်သင်းလုံး ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်းအားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်များအဖြစ် ဇွန်လ ၁၁ ရက်(ယနေ့)ညနေ ၃ နာရီခွဲတွင်  စလင်း အားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်း၊ ပဒုမ္မာအားကစားကွင်း၌ ISPE အသင်းနှင့် YREO အသင်းတို့ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

စည်သူအောင်