ဂျပန်က ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါ်မှ ရယူခဲ့သည့် ဖုန်မှုန့်နမူနာများ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်

ဂျပန်အာကာသစူးစမ်းလေ့လာရေး ယာဉ်တစ်စင်းက ကမ္ဘာမြေမှ ကီလိုမီတာ သန်း ၃ဝဝ အကွာရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါ်မှ ရယူခဲ့သည့် ဖုန်မှုန့်နမူနာများက မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်ကြောင်း သုတေသီများက ပြောသည်။

ထို့ပြင် ဖုန်မှုန့်များပါသည့်ဘူးကို ပထမဆုံးဖွင့်လိုက်ချိန်တွင် ပြောစရာစကားမရှိသည်အထိပင် စွံ့အသွားရကြောင်း သုတေသီတစ်ဦးကပြောသည်။

ဟာယာဘူဆာ ၂ အာကာသလေ့လာရေးယာဉ်၏ ခြောက်နှစ်ကြာအစီအစဉ်မှ နောက်ဆုံးရည်မှန်းချက်ဖြစ်သော ရူဂူ ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါ်မှ ဖုန်မှုန့်များသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း မကြာသေးမီကမှ ဖွင့်ကြည့်ဖြစ်ခြင်းဖြစ်သည်။

အစောပိုင်းတွင် ဘူးအတွင်း၌ မည်သည့်အရာမျှပြန်ပါလာခြင်း မရှိဟု ထင်မြင်ခဲ့သော်လည်း တကယ်တမ်းဖွင့်ကြည့် ဖြစ်ချိန်တွင် ၄င်းတို့မျှော်လင့်ထားသည့်အတိုင်း ဖုန်မှုန့် ၁ဝဝ မီလီဂရမ်နှင့်အထက် ပါဝင်လာကြောင်း ဂျပန်အာကာသ လေ့လာရေးဌာနမှ ဒေါက်တာဟီရိုတာကာဆာဝါဒါက ပြောသည်။

ဂြိုဟ်သိမ်ဂြိုဟ်မွှားများသည် နေစကြဝဠာ စတင်ဖြစ်ပေါ်ချိန်တွင် တစ်ပြိုင်နက်တည်း ပေါ်ပေါက်ခဲ့သည့် အရာများ ဖြစ်သည့်အတွက်   ယခုရယူလာသည့် နမူနာများက ကမ္ဘာပေါ်ရှိသက်ရှိများ၏ ဖြစ်တည်မှု ဇာစ်မြစ်ကို ဖော်ညွှန်းပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟာယာဘူဆာ ၂ သည် ရူဂူဂြိုဟ်သိမ်ဂြိုဟ်မွှား၏ ပတ်လမ်းတွင် လအနည်းငယ်ကြာ လှည့်ပတ်ပြီးနောက် ဆင်းသက်ကာ ဖုန်မှုန့်နမူနာများကိုရယူခြင်း ဖြစ်သည်။

ယင်းနောက် ဟာယာဘူဆာ ၂ သည် ဖုန်မှုန့်များပါသည့်ဘူးကို ဒီဇင်ဘာ ၆ ရက်တွင် လွှတ်ချလိုက်ရာ သြစတြေးလျနိုင်ငံ၏ ကုန်းခေါင်ရေဝေးအရပ်သို့ ရောက်ရှိသွားသည့်အတွက် ထိုမှတစ်ဆင့်ဂျပန်နိုင်ငံသို့ အဆင့်ဆင့် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ယခုအခါ    သုတေသနပညာရှင်များသည် ထိုဖုန်မှုန့်များကို လေ့လာမှုများလုပ်ရန် ပြင်ဆင်နေပြီး သုတေသနလုပ်ငန်း မစတင်မီ အချိန်အနည်းငယ်ကြာဦးမည် ဖြစ်ကြောင်း သိရသည်။

Ref: TST