လျှော်ဖြူအစေးဈေးကွက်ကျဆင်း

စစ်ကိုင်းတိုင်း ဒေသကြီးမှ ထွက်ရှိသော လျှော်ဖြူအစေး ဈေးကွက် ကျဆင်းနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းထံမှသိရသည်။

လျှော်ဖြူအစေး ဈေးကွက်သည် ယခင်က တစ်ပိဿာလျှင် ငွေကျပ် ၂၈ဝဝဝ ဖြင့် ရောင်းချခဲ့ကြရပြီး ယခုအခါ လျှော်ဖြူအစေး ဈေးကွက်မှာ တဖြည်းဖြည်း ကျဆင်းလာကာ တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ အထိရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ လျှော်ဖြူများကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလျက် ရှိရာ အရည်အသွေးပြည့်မီသည့် လျှော်ဖြူအစေးကို ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ လျှော်ဖြူများကို မုံရွာမြို့နယ်၊ အရာတော်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ကသာမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကလေးမြို့နယ် အစရှိသည့်မြို့နယ်များတွင် စိုက်ပျိုးလျက် ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လျှော်ဖြူ စိုက်ဧကပေါင်း သုံးသောင်းခန့်ရှိပြီး အဓိကလျှော်ဖြူအစိုက်ဆုံးဒေသမှာ အရာတော်မြို့နယ်နှင့် မုံရွာမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။