အင်ဒိုနီးရှားအစိုးရက ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်

အင်ဒိုနီးရှားအစိုးရအနေဖြင့် ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးအပေါ် ယုံကြည်မှုရှိစေရန်     ၎င်းကိုယ်တိုင် ကာကွယ်ဆေးကို  ပထမဆုံးထိုးမည် ဖြစ်ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောသည်။

၎င်းင်းအနေဖြင့်   အကြံပြုချက် အများအပြားကို လက်ခံပြီး နိုင်ငံ၏ဘဏ္ဍာရေး အခြေအနေကို တွက်ချက်ပြီးနောက် ယခုကဲ့သို့ ပြည်သူအားလုံးကို ကာကွယ်ဆေး အခမဲ့ထိုးပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဂျိုကိုဝီဒိုဒိုက နိုင်ငံသို့ပြောသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။

ထို့ပြင် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို ဦးစားပေးဆောင်ရွက်ရန်နှင့် ပြည်သူများ ကာကွယ်ဆေး အခမဲ့ရရှိစေရေးအတွက် နိုင်ငံတော် အသုံးစရိတ်ကို ပြန်လည်ခွဲဝေသတ်မှတ်ရန် ၎င်းင်းကညွှန်ကြား ထားကြောင်း  သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက အွန်လိုင်းမှပြုလုပ်သော လေ့လာဆန်းစစ်ချက်တွင် ပါဝင်သူများအနက် ၆၄ ဒသမ ၈ ရာခိုင်နှုန်းက ကာကွယ်ဆေးရရှိသည် နှင့်တစ်ပြိုင်နက် ထိုးနှံရန်ဆန္ဒရှိနေပြီး ၂၇ ဒသမ ၆ ရာခိုင်နှုန်းကမူ ထိုအစီအစဉ်အပေါ်  သံသယရှိနေကာ ၇ ဒသမ ၆ ရာခိုင်နှုန်းက ပယ်ချထားကြောင်း သိရသည်။

ထို့ပြင်ကာကွယ်ဆေးထိုးရန် ဆန္ဒရှိသူများအနက် ၃၅ ရာခိုင်နှုန်းကသာ ကာကွယ်ဆေးဝယ်ရန် ဆန္ဒရှိပြီး ၃၈ ရာခိုင်နှုန်းက   ကာကွယ်ဆေးကို မဝယ်လိုကြောင်းနှင့် အခြားသူများကမူ မဆုံးဖြတ်ရသေးကြောင်း သိရသည်။

ယူနီဆက်နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထောက်ပံ့ထားသော ထိုလေ့လာဆန်းစစ်မှုကို စက်တင်ဘာ ၁၉ ရက်မှ ၃၀ ရက်အထိ ပြုလုပ်ထားပြီး လူပေါင်း ၁၁၅၀၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

Ref: TST