ဆောင်းရာသီ အအေးမပတ်စေသော ခေါင်းလျှော်နည်း

၂၁ ရာစုခေတ်တွင် တောနေ၊မြို့နေ လူဆယ်ဦးလျှင် ဆယ်ဦးနီးပါးက ခေါင်းလျှော်ရာ၌ တရော်၊ ကင်ပွန်းသီး  ကို   မသုံး ကြတော့ဘဲ   လွယ်ကူမြန်ဆန်အသင့်သုံး ခေါင်းလျှော်ရည် Shampoo ကိုသာ သုံးစွဲကြသည်။

တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စများထဲမှာ ခေါင်းလျှော် ခြင်းကလည်း တစ်ခု အပါအဝင်ဖြစ်သည်။ ချမ်းအေးသည့် ဆောင်းရာ သီတွင် ခေါင်းလျှော်သည့်အခါ လေထု  အအေးဓာတ်နှင့် လူ့ခန္ဓာကိုယ်တွင်း ပထဝီ၊ တေဇော ဓာတ်များ   ထိပ်တိုက်တွေ့ကြသည်။ ထိုအချိန်တွင် ခေါင်းလျှော်နည်းပုံစံမမှန်ပါက အာကာသအခိုးများ ပိတ်၍ ခေါင်းအုံ၊ ခေါင်း နောက်၊  ခေါင်းကိုက်ခြင်း  ဝေဒနာများဖြစ်စေတတ်သည်။ အထူးသဖြင့် မွေးရာပါ ဆံပင်အုံ ကောင်း သူများနှင့်   ဆံသား ထူသူများက နောက်စေ့ (ဦးခေါင်းအောက်ခြေ၏ အနောက်ဘက်)  တစ်ဝိုက်မှာ အုံပြီး ကိုက်ခဲ နေတတ် သည်။ ထို့ကြောင့်  ဆောင်းရာသီ ခေါင်းလျှော်ပြီးသည့်အခါ နောက်စေ့နှင့် ချိုစောင်း (ဦးခေါင်း၏ ဝဲ/ ယာ ဘေးနှစ်ဖက်)တို့တွင် ခြောက်သွေ့နေဖို့လိုသည်။ သို့မဟုတ်ဘဲ စိုထိုင်းနေပါက ဦးယဉ်း ခေါင်းခဲနာဝေဒနာကို  ခံစား ရနိုင်သည်။

ထိုသို့မဖြစ်ရလေအောင် ဆောင်းရာသီအအေးမပတ် စေသော ခေါင်းလျှော်နည်းကို  အောက်ပါအတိုင်း  အကြံပြု လိုပါသည်။

- တနင်္ဂနွေ ရက်သတ္တပတ်လျှင် တစ်ကြိမ်ခေါင်းလျှော်ပါ။(နွေခေါင်ခေါင် ပူပြင်းသောရာသီတွေမှာ ချွေးထွက် သည့်အခြေအနေပေါ်မူတည်ပြီး တစ်ကိုယ်ရေသန့်ရှင်း မှုအရ တစ်ပတ်ကိုနှစ်ကြိမ်လျှော်နိုင်ပါသည်)

- ဦးစွာ တစ်ခေါင်းလုံးအနှံ့ ဆံပင်တွေစိုသွားအောင်  ရေလောင်းချပါ။ ပြီးနောက် မိမိလျှော်နေကျခေါင်းလျှော် ရည်သုံး၍  ဦးရေပြားနှင့်  ဆံသားအနှံ့ကုတ်ခြစ်ပါ၊  ပွတ်ပါ၊ နှိပ်နယ်၍လျှော်ပါ။

- အားရပါးရပွတ်နယ်ပြီးနောက်  လက်ခုံထဲကို ရေနည်းနည်းစီထည့်၍    ၎င်းရေဖြင့်    ငယ်ထိပ်နှင့် နောက်စေ့ပေါ် သို့ အကြိမ်ကြိမ်လောင်းပေးပါ။ ခေါင်းလျှော်ရည်နှင့်အတူ စီးကျလာသော ကြေးညှော်ရည်များကို လက်ဖြင့်ဆုပ်၍ ညှစ်ချပါ။(မျက်စိထဲကို ခေါင်းလျှော် ရည်များမဝင်စေရန်အတွက် ယခုလို ငယ်ထိပ်အနောက် ဘက်ပေါ်ကနေ ရေဖြင့် ညှစ်ချရခြင်းဖြစ်သည်)

-အထက်ပါနည်းအတိုင်း နှစ်ကြိမ်၊သုံးကြိမ်လောက် လုပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ခေါင်းလျှော်ရည်ဖြင့်  တစ်ခေါင်းလုံးအနှံ့ပွတ်ပါ။ ချမ်းအေးသောရာသီဥတုတွင် တစ်ပတ်လျှင်တစ်ကြိမ်သာ ခေါင်းလျှော်ရသဖြင့် ဦးရေပြား နှင့်  ဆံသားပေါ်က ကြေးညှော်တွေ   လုံးဝ သန့်စင်စေဖို့အတွက် ခေါင်းလျှော်ရည်ဖြင့် နှစ်ကြိမ်တိတိ  လျှော်ပေးရခြင်းဖြစ်သည်။ သို့သော် ယခုဒုတိယအကြိမ် မှာ ခေါင်းလျှော်ရည်ကို အနည်းငယ်မျှသာသုံးပါ။

- ဒုတိယအကြိမ်မှာ ခေါင်းလျှော်ရည်ကို နှူးနှပ်ထား သည့်အနေဖြင့်   ရေချက်ချင်းလောင်းမချပါနှင့်။  ထိုအချိန်မှာ မိမိသုံး ထားသည့် ဘီး၊  ဘီးကုပ်၊ ဆံညှပ် တို့ကိုသွားတိုက်တံ(သွားပွတ်တံ)အဟောင်းဖြင့် ပွတ်တိုက်၍ ဆေးကြော သန့်စင်ပါ။

-ပြီးနောက်  ခေါင်းလျှော်ရည်ကိုညှစ်ချကာ ရေများများဖြင့် စင်အောင်လျှော်ချပစ်ပါ။ ခေါင်းလျှော်ရည် အမွှေးနံ့များ ပြယ်ပျောက်သည်အထိ ရေများများသုံး၍ ဆေးကြောပေးဖို့ လိုအပ်သည်။ အကယ်၍ ဆံပင်မှာ ခေါင်းလျှော် ရည်တွေ ကျန်နေခဲ့ပါက ၎င်းဓာတုပစ္စည်း များ၏ ဘေးထွက်ဆိုးကျိုးအဖြစ် ဦးရေပြားနှင့် ဆံသားကို ထိခိုက်စေ ကာ အရေပြားမှိုစွဲပြီး ဗောက်ထစေပါသည်။

အဆိုးဆုံးသော အခြေအနေတွင်   ဒက်ပေါက်စေနိုင်သည်။ ထို့ပြင်   နောက်တစ်ပတ် တနင်္ဂနွေနေ့အထိ  မခံတော့ ဘဲ ၎င်းခေါင်းလျှော်ရည် အနံ့နှင့် ဦးခေါင်းက ထွက်လာသော ချွေး၊ အဆီနံ့တွေဓာတ်ပြုပြီး ခေါင်းကို  အနံ့ဆိုး ထွက်စေပါသည်။

-ရေများများဖြင့်    စိတ်ကြိုက်သန့်စင်ပြီးနောက် ပဝါကြီးကြီးကိုသုံး၍ ဦးခေါင်းအနှံ့ကရေတွေကိုပွတ်သပ် ပါ။ အထူးသဖြင့် နောက်စေ့က ရေများခြောက်သည် အထိ ပဝါဖြင့်ခပ်ကြာကြာ ပွတ်ပေးပါ။(ခေါင်းလျှော်သည့် မျက်နှာ သုပ် ပဝါနှင့် မျက်နှာ၊ ခန္ဓာကိုယ်အတွက် ရေသုတ် သည့်ပဝါဟူ၍ ပဝါကို နှစ်မျိုးနှစ်စားခွဲခြားသုံးစွဲသင့် သည်။ ထိုသို့ ခွဲခြားသုံးစွဲခြင်းက ဝက်ခြံမပေါက်စေရန် ကြိုတင်ကာကွယ်ရာ ရောက်ပါသည်)

-ထို့နောက် ပဝါကြီးဖြင့် တစ်ခေါင်းလုံးကိုပေါင်းထားပြီး   မိမိနှစ်သက်ရာသနပ်ခါး  သို့မဟုတ်   မိတ်ကပ်  လိမ်း ခြယ် ပါ။ ပြီးမှ ပဝါကြီးကိုဖယ်လိုက်ပါ။ (ဆိုလိုသည် မှာ လျှော်ထားသည့်ဦးခေါင်းကို ပဝါဖြင့် ၁ဝ မိနစ်ခန့်  ပေါင်းထား သင့်သည်။ ထိုသို့ပြုခြင်းက ဦးရေပြားနှင့်  ဆံသားတို့ကို ရေငွေ့ခြောက်စေသောနည်းဖြစ်သည်။  သို့သော် ၁ဝ မိနစ်ထက်ပို၍ ပဝါဖြင့် ပေါင်းထုပ်မထားပါ နှင့် အပူမထွက်စေတော့ဘဲ မျက်စိကိုထိခိုက်စေသည်)

- ပြီးနောက် ဆံပင်ခြောက်သွေ့စေသည့် လေမှုတ်စက် ဖြင့် နောက်စေ့ကိုလေမှုတ်ပါ။ အထူးသတိပြုသင့်သည့် အချက် များမှာ -  

(က) ငယ်ထိပ်နှင့်ချိုစောင်းပေါ်က   ဆံသားတွေက  သိပ်မကြာခင်မှာ သူ့အလိုလို ရေခြောက်သွား လေ့ရှိပါသည်။  ထို့ကြောင့်  ၎င်းနေရာတွေကို လေမှုတ်စက်မမှုတ်ပါနှင့်။ အကယ်၍ ငယ်ထိပ်ကို  လေမှုတ်စက်ပူပူမှုတ်ပါက မျက်စိ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

(ခ)     နောက်စေ့ရှိ ဆံသားတွေက   တော်တော်နှင့် မခြောက်တတ်သဖြင့် အအေးပတ်၊ ခေါင်းကိုက် ခြင်း မဖြစ်စေ ရန်  ၎င်းနေရာကို  လေမှုတ်စက် မှုတ်ပေးရပါမည်။

(ဂ)    လေမှုတ်စက်ပူလွန်းရင် ဆံသားတွေကိုထိခိုက် စေပါသည်။ ထို့ပြင် ရေစိုအေးနေသောနေရာကို အပူ ပြင်းပြင်း တိုက်မိပါက အပူ၊ အအေး ရုတ်ခြည်း ထိတွေ့မှုကြောင့် ဓာတ်ဖောက်ပြန်ပြီး ကျန်းမာရေးနှင့် လုံးဝ မညီညွတ်စေတော့ပေ။ ထို့ကြောင့်  လေမှုတ်စက် အပူကို အလယ်အလတ်သာထား၍ သုံးပေးပါ။

(ဃ)   ဆံသားများခြောက်သွေ့ မာဆတ်ခြင်း မဖြစ်စေဖို့  ဆံသားတွေကို အလုံးစုံ ပူနွေးခြောက်သွေ့သွား သည်အထိ လေမှုတ်စက်မမှုတ်သင့်ပေ။ သို့သော်  ဦးရေပြားနှင့် နောက်စေ့က ဆံသားတွေကို လက်ဖြင့် စမ်းကြည့်ပါက  ခပ်နွေးနွေး ဖြစ်လာသည်အထိ  လေမှုတ်စက်မှုတ်ပေးပါ။

-မိမိနှစ်သက်ရာ အုန်းဆီ သို့မဟုတ် ခေါင်းလိမ်းဆီသို့မဟုတ်Hair Coat အနည်းငယ်ကို လက်ဖဝါးပေါ်  ပွတ် ပြီး ဆံသား အနှံ့ လူးနယ်ပေးပါ။ ဘီးသန့်သန့်ဖြင့် ဆံနွယ်တွေကို ခပ်ဖြည်းဖြည်းချင်း ရှင်းထုတ်ပါ။

မှတ်ချက်။ မျက်စိကျန်းမာရေးအတွက်သာမက ဘက်ပေါင်းစုံ ကျန်းမာစေဖို့အတွက် မွန်းလွဲပိုင်းမှစ၍ ခေါင်း မလျှော် သင့်ပေ။

-ရာသီဥတု မည်မျှပင် အေးပါစေ ရေနွေးဖြင့် ခေါင်းမလျှော်ပါနှင့်။ မိမိခန္ဓာကိုယ်အပူရှိန်ထက် ပို၍ပူသော ရေနွေးဖြင့် ခေါင်းလျှော်ခြင်းက ဆံသားကိုကာကွယ်ပေး သည့် သဘာဝ အဆီဓာတ်ကို ဆုံးရှုံးသွားကာ ဆံသား များ ခြောက်သွေ့၍ မာဆတ်ဆတ် ဖြစ်စေနိုင်ပါသည်။

-ဆံပင် အရှုပ်အထွေးကို ရှင်းလင်းရန်အတွက် ဦးစွာ ဆံပင်ထိပ်ဖျားပိုင်းမှဖြီးပါ။  ထို့နောက်  ဆံပင်များကို  အသာ အယာ စုစည်းဆုပ်ကိုင်ပြီး  ဆံပင်အရင်းပိုင်း (အမြစ်)မှ အဖျားပိုင်း (အောက်ခြေ)သို့ ဆွဲချဖြီးပါ။  

- ဆံပင်ကို ရက်သတ္တပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် ထက်ပို၍ မလျှော်ပါနှင့်။ ထို့ထက် အကြိမ်ရေပိုလျှော် ခြင်းက ဆံပင်များကျွတ်ထွက်စေပြီး ဦးရေပြားအဆီကိုလည်း ခန်းခြောက်စေပါလိမ့်မည်။ ဗောက်ထ၍ ဦးရေပြားယား ယံခြင်း ကလည်း ဆံပင်ကျွတ်ခြင်း၏   အဓိက သော့ချက်ဖြစ်ပါသည်။ ထို့ကြောင့် ဦးခေါင်းသန့်စင် တစ်ကိုယ်ရေ ကျန်းမာရေးအတွက် အချိန်ပေး၍ ဆောင်ရွက်ပေးလိုက်ပါ။

-ဗောက်ထ၍   ယားယံသော ဦးရေပြားအတွက် itchy due to dandruff သို့မဟုတ်   itchy scalp antidandruff  စာတန်းပါသော  ခေါင်းလျှော်ရည် အမျိုးအစားကိုသာ ရွေးချယ်ပါ။ သို့သော် ဗောက်သေ ဆေးပါ သော ခေါင်းလျှော် ရည် တွေက ဆံသားကို အတန်ငယ်ဖွာ၍ ကြမ်းတမ်း စေသဖြင့် ဆံပင်ပျော့စေရန်  ပေါင်းဆေး ပါသောခေါင်းလျှော်ရည်    သို့မဟုတ်  smooth & silky စာတန်းပါသော ခေါင်းလျှော်ရည် ကိုပါ တွဲ၍ သုံးပေး သင့်ပါသည်။

-ပလတ် စတစ်ဘီးဖြင့် ခေါင်းဖြီးခြင်းက ဦးရေပြား ပူ၍ ဗောက်ထစေနိုင်သည်။ ထို့ကြောင့် သစ်သားဘီး ကိုသာ သုံးစွဲသင့်သည်။

-ခေါင်းလျှော်သည့်နေ့တွင် ခေါင်းအုံးစွပ်ကိုလည်း  လျှော်ပါ၊ အသစ်လဲပါ။ ဟောင်းနွမ်းညစ်ပေနေသော ခေါင်းအုံး စွပ်က ဆံပင်ကိုအနံ့အသက် ဆိုးထွက်စေသလို ဝက်ခြံဖုများ ထွက်လာစေပါသည်။

-ပိုးသား သို့မဟုတ် နူးညံ့ချောမွေ့သောခေါင်းအုံး စွပ်အမျိုးအစားကို သုံးစွဲခြင်းက ဆံသား ပျော့ပျောင်းမှုကို အားပေး ပါသည်။   ။