တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ သြဂုတ် - ၁၄

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ တပ်မတောသားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်ရှိ တပ်မတော်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်ကြသည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန် ပြင်ဆင် ထားရှိမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။