ငဖဲမြို့မရပ်ကွက်တွင် ပန်ဖူးစားပြောင်း စိုက်ပျိုးရောင်းချပြီး မိသားစုအပိုဝင်ငွေရရှိ

ငဖဲ၊ စီးပွားရေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲ မြို့မရပ်ကွက်မှ တောင်သူများအနေဖြင့် မြို့၏မြောက်ဘက်ရှိ ကိုင်းမြေ များတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မြေအောက်ရေကိုအသုံးပြု၍ ဟင်းသီး ဟင်းရွက်၊ ပန်းမန်နှင့် ပန်ဖူးစားပြောင်းများ ကို စိုက်ပျိုးရောင်းချပြီး မိသားစုအပိုဝင်ငွေရရှိ၍  စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း တောင်သူဒေါ်မြအေးထံမှ သိရသည်။

''ကျွန်မတို့စိုက်ပျိုးတဲ့   ပြောင်းမျိုးက  ဖန်စီဘက်  (တိမ်ပြာကတ်အုပ်စု)  မျိုးဖြစ် ပြီး   ပြောင်းဖူးစေ့  ၅ဝဝ ဂရမ်   တစ်ဘူးကို   ငွေကျပ် ၁၉ဝဝဝ ပေးရပါတယ်။  ကြားကြောင်းဆွဲပြီး အစေ့ချစနစ်နဲ့  ၃၅ လက်မတန်းကြား အပင်ကြား ၁ဝ လက်မ အကွာကြားချပြီး စိုက်ပျိုးရတယ်။ အပင် တစ်လသားအရွယ်မှာ ပေါင်လုပ်၊ ရေသွင်း၊  မြေသြဇာကျွေး၊    ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးရတယ်။ စတင်စိုက်ပျိုးပြီး နှစ်လခွဲဆိုရင် ခူးချိုးလို့ရတယ်။ ယခုအခင်း မှာပြောင်းပင် ၂၅ဝဝ ကျော်စိုက်ပျိုးထား ပြီး နှစ်ပတ်လည်အနေနဲ့ လခြားရက်ခြား ကာ နှစ်ကြိမ်စိုက်ပျိုးရတယ်။ ပြောင်းဖူး တစ်ဖူးကို ငွေကျပ် ၁၂၅ ကျပ်နှုန်း ပြောင်းဖူး ပြုတ်သုံးဖူးကို ငွေကျပ် ၅ဝဝ နှုန်းရောင်းချ တဲ့အတွက် နေ့စဉ်ဝင်ငွေရနေတော့ အဆင်ပြေပါတယ်။ ဖူးစားပြောင်းစိုက်ပျိုး ရေးလုပ်ငန်းတွက်ခြေ ကိုက်ပြီး   ခုတ်ပြီးသား ပြောင်းပင်တွေကို   ခုတ်စဉ်းကျွေးတော့  နွားစာအတွက်လည်း အဆင်ပြေပါတယ်''

ဟု ငဖဲမြို့မရပ်ကွက်မှ   ပြောင်းစိုက်ပျိုး တောင်သူဒေါ်မြအေးက ပြောသည်။ ငဖဲမြို့နယ်တွင် ပန်ဖူးစားပြောင်းများ

ကို  မြို့မရပ်ကွက် ချောင်းဖြူ၊   ပင်ဦး၊  နယ်ဇော၊ အိုးမြေတွင်း၊ ဇီးတော၊ ပေါင်း ကလေး၊ ပန်းတိမ်း၊ ဆင်ချည်တိုင်၊ ပဒါန်း၊ ရင်းရှည်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုး ကြပြီး တစ်မြို့နယ်လုံးအနေဖြင့် ဆောင်း သီးနှံဖူးစားပြောင်းစိုက်ဧက ၁ဝ၆ ဧကခန့် ရှိကြောင်း သိရသည်။

မယု(ငဖဲ)