တောင်ငူမြို့နယ်ရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ် ရာများ ပေးအပ် လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၄

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုကန့်သတ်ချက်များရှိလာသဖြင့် စားသောက်ရေး  အထောက် အကူဖြစ်စေရန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ ၊ ကြက်သွန်စသည့် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ တောင်ငူမြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဒေါ်မြသိန်းနှင့် သဘင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်ငူမြို့နယ် သဘင် အစည်းအရုံးအဖွဲ့ဝင် ၁၉၁ ဦးအတွက် ဆန် ၄၈ အိတ်၊ ဆီ ၄၈ ပိဿာ၊ ဆား ၉၆ ပိဿာ၊ ပဲ ၉၆ အိတ်နှင့် ကြက်သွန်နီ ၁၉၁ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး တောင်ငူမြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။