နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကောင်စီနယ်မြေ သီရိ(၅)မြို့နယ် အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများ၌ မဲစာရင်းများ ကပ်ထားကြေညာ ထားရှိမှုကို လိုက်လံကြည့်ရှု

နေပြည်တော်  သြဂုတ်  ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ များ၌ မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုကို လိုက်လံကြည့်ရှုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးညီထွန်း၊   ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဥတ္တရသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မဲပေးခွင့်ရှိသူများစာရင်း ကပ်ထားကြေညာထားရှိမှုနှင့် ရပ်ကွက်မဲရုံ(၁) အဖြစ် ဆောင်ရွက် မည့် အခြေခံပညာမူလတန်း ကျောင်းအခြေအနေအား ကြည့်ရှုသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံ၌ မဲပေးခွင့်ရှိသူများစာရင်း ကပ်ထားကြေညာထားရှိမှုကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မဲပေးခွင့်ရှိသူများစာရင်း ကပ်ထားကြေညာထား ရှိမှုကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်ရန် အောင်မြင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ မဲပေးခွင့်ရှိသူများစာရင်း ကပ်ထားကြေညာထားရှိမှုကို လည်း ကောင်း၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေးဓမ္မာရုံ၌ ဇေယျသိဒ္ဓိရပ်ကွက်မှ မဲပေးခွင့်ရှိသူများ စာရင်း ကပ်ထား ကြေညားထားရှိမှုကို လည်းကောင်း ကြည့်ရှုသည်။

ထိုသို့လှည့်လည်ကြည့်ရှုစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မဲရုံနှင့်မဲပေးနိုင်သည့် အင် အား၊ အချိန်အတိုင်းအတာဖြင့် မဲပေးနိုင်မည့် အရေအတွက်၊ မဲဆန္ဒရှင်များ မဲပေးရာတွင် ပိုမိုကောင်းမွန်မြန်ဆန်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍ သိလို သည်များကို တာဝန်ရှိသူများ အားမေးမြန်းကာ မဲစာရင်းကပ်ထားကြေညာမှုကို ပြည်သူများ အား အသိပေးကြေညာသွားရန်လိုကြောင်း မှာကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဓမ္မာရုံများ၌ ရောက်ရှိနေကြသည့် ပြည်သူများအား လက်ရှိ အသက် ၁၈ နှစ်အရွယ် မဲပေးနိုင် သည့်ပုဂ္ဂိုလ်မှာ အသက် ၈၀ အရွယ်အထိဆိုလျှင် (၁၂)ကြိမ်သာ မဲပေးနိုင်ခွင့်ရှိကြောင်း၊  ပြည်သူများ အနေဖြင့်  မိမိနိုင်ငံအနာဂတ်အတွက် မဲပေးရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် မိမိတာဝန်ကို ကျေပွန်ရန်လိုကြောင်း၊ သို့မှသာ ရသင့်ရထိုက်သည့် ခံစားခွင့်များ ရရှိမည်ဖြစ် ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း မဲဆန္ဒရှင်များကို ကျန်းမာရေးနှင့်အညီမဲပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း မဲစာရင်းတွင် မိမိအမည်စာရင်း ပါ၊  မပါကို ကြည့်ရှုကြရန်လိုကြောင်း၊ မိမိနှစ်သက်ရာကိုမဲပေးနိုင်ကြောင်း ပြောကြားသည်။

လက်ရှိစာရင်းများအရ နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅၁၀၁၃ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၈၈၈၇၂ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၇၆၈၅၀ ဦး၊   ဒက္ခိဏ သီရိမြို့နယ်တွင် ၂၇၈၆၀ ဦးနှင့် ဇမ္ဗူသီရိမြို့နယ်တွင် ၇၉၇၃၇ ဦးရှိကြောင်း သိရသည်။

 (သတင်းစဉ်)