လျှပ်စစ်သံလိုက်လှိုင်းသုံး လက်နက်များ ပါဝင်လာနိုင်တဲ့ ဂျပန်တိုက်လေယာဉ်အသစ်

ဂျပန်က  လော့ဟိမာတင်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မျိုးဆက်သစ်တိုက်လေယာဉ်တွေကို ထုတ်လုပ်ဖို့ ရှိနေပါတယ်။ အမည် ပေးရခြင်းမရှိသေးတဲ့ အဲဒီတိုက်လေယာဉ်ဟာ အဓိကအားဖြင့် ဝေဟင်ပစ်မှတ်များကို ချေမှုန်းနိုင်ဖို့ သာမကဘဲ မြေပြင်ပစ်မှတ်များကိုပါ တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီတိုက်လေယာဉ်မှာ တခြားတိုက်လေယာဉ်တွေ  အထူးသဖြင့်  အမေရိကန်တိုက်လေယာဉ်တွေမှာတောင် မပါသေးတဲ့ နည်းပညာတွေလည်း ပါဝင်လာနိုင်ပါတယ်။

ဘယ်လိုနည်းပညာတွေလဲဆိုရင် VR  ပုံစံ ဟဲမက်တွေနဲ့    လျှပ်စစ်သံလိုက်လှိုင်းအသုံးပြုတဲ့ လက်နက်စနစ်များ ဖြစ်ပါတယ်။

ဒါ့အပြင် အဝေးထိန်းစနစ်နဲ့မောင်းနှင်ပျံသန်းနိုင်စွမ်းနဲ့  အလွန်စွမ်းအားမြင့်တဲ့ ရေဒါစနစ်တို့လည်း ပါဝင်မှာ ဖြစ်တဲ့အတွက် ရန်သူ့ဒုံးကျည်တွေကို   လျှပ်စစ်သံလိုက်လှိုင်း အသုံးပြုလက်နက်နဲ့ ချေမှုန်းမှုကို နှစ်ဆထိရောက် စေနိုင်ပါလိမ့်မယ်။

ဒါတင်မကသေးပါဘူး။ အမေရိကန်နဲ့ ဂျပန်တပ်ဖွဲ့တို့ကြား အချက်အလက် အပြန်အလှန် ရယူအသုံးပြုနိုင်တဲ့   စနစ်လည်း ပါဝင်လာမှာပါ။

လက်နက်တွေကိုသယ်ဆောင်မယ့် နေရာကလည်း ပုံမှန်ထက်ကြီးမားမှာဖြစ်ပြီး လက်နက်စနစ်ခြောက်မျိုးကို သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒီတိုက်လေယာဉ်ရဲ့ရှေ့ပြေးပုံစံကိုတော့ ၂၀၂၄ ခုနှစ်မှာ ထုတ်ဖော်ပြသဖို့ စီစဉ်ထားပြီး  ပထမဆုံးပွဲဦးထွက် ပျံသန်းမှုကိုတော့ ၂၀၂၈ ခုနှစ်နဲ့ အလုံးစုံထုတ်လုပ်မှုကိုတော့ ၂၀၃၁ ခုနှစ်မှာလုပ်ဆောင် သွားဖွယ်ရှိတယ်လို့ ဖို့မဂ္ဂဇင်းကဖော်ပြထားပါတယ်။

ဒီအတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံတောင် အသုံးပြုထားပါတယ်။ အဲဒီထဲမှာ တီထွင်ဖန်တီးမှုနဲ့ လေယာဉ်အစင်း ၉၀ ထုတ်လုပ်ဖို့အတွက် အသုံးစရိတ်တွေလည်း ပါဝင်ပါတယ်။

လတ်တလောမှာတော့  F-X သို့မဟုတ် F-3လို့ ခေါ်ဝေါ်နေတဲ့ အဲဒီတိုက်လေယာဉ်ဟာ  ဂျပန်လေတပ်မှာရှိတဲ့  F-2  တိုက်လေယာဉ်တွေနေရာမှာ   အစားထိုးသွားမှာပါ။

၁၉၉၀ ပြည့်နှစ်အလွန်ကာလတွေမှာ လော့ဟိမာတင်ကုမ္ပဏီကထုတ်လုပ်ခဲ့တဲ့ F-2  လေယာဉ်တွေဟာ အမေရိကန် F-16 တိုက်လေယာဉ်တွေရဲ့ ကိုယ်ထည်ကြီးမားပြီး ကုန်ကျစရိတ်မြင့်မားတဲ့ မျိုးကွဲတစ်မျိုး ဖြစ်ပါတယ်။ သူတို့ကိုတော့ ၂၀၃၀-၂၀၄၀ ပြည့်နှစ် ကာလတွေအတွင်းမှာ မဖြစ်မနေ အစားထိုး လဲလှယ်သွားရတော့မှာပါ။

ဂျပန်နိုင်ငံဆိုတာ ဒုတိယကမ္ဘာစစ်ပြီး ကတည်းက ဝေဟင်စစ်ဆင်ရေးစွမ်းပကားမှာ အမှန်တကယ်ကောင်းမွန်စွာ အသုံးပြု နိုင်တဲ့ တိုက်လေယာဉ်တွေမရှိခဲ့ပါဘူး။

ဒါကြောင့် အခုထုတ်လုပ်မယ့်  F-X တိုက် လေယာဉ်တွေဟာ ဂျပန်နိုင်ငံကို တစ်ချိန်က လေကြောင်းစွမ်းအားသာ လွန်ဖူးတဲ့ နိုင်ငံအဖြစ်ကို  ပြန်လည် ရောက်ရှိစေနိုင်ပါတယ်။                          

 နွေဦး