ဂျပန်က တိုက်လေယာဉ်နှင့် တာဝေးပစ်ဒုံးကျည်များအတွက် စံချိန်တင်ကာကွယ်ရေး အသုံးစရိတ်အတည်ပြု

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒေးဆူဂါ၏အစိုးရက ဂျပန်တပ်မတော်အတွက် ခေတ်မီကိုယ်ပျောက်တိုက်လေယာဉ်နှင့်  တာဝေးပစ်သင်္ဘောဖျက်ဒုံးကျည်များ ထုတ်လုပ်ရေး  စံချိန်တင်ကာကွယ်ရေး အသုံးစရိတ်ကို ဒီဇင်ဘာ ၂၁ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဧပြီလတွင်စတင်သော ဘဏ္ဍာနှစ်အတွက် စံချိန်တင်ကာကွယ်ရေး အသုံးစရိတ်အဖြစ် ယန်း ၅ ဒသမ ၃၄ ထရီလီယံကို ရရှိမည်ဖြစ်ပြီး ယခုနှစ်ကာကွယ်ရေး အသုံးစရိတ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးမြင့်လာခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ယိုရှီဟီဒေးဆူဂါ၏ပါတီမှ အမတ်အများအပြားရှိသည့် လွှတ်တော်ကလည်း ထိုအသုံးစရိတ်ကို အတည်ပြုပေးနိုင်ရေး သေချာသလောက်ရှိနေသည်။

ယိုရှီဟီဒေးဆူဂါသည် ဖြစ်လာနိုင်ဖွယ်ရှိသော ရန်သူများအပေါ် တုံ့ပြန်နိုင်ရေးအတွက်  ဂျပန်တပ်မတော်ကို  လေယာဉ်အသစ်များ၊  ဒုံးကျည်များနှင့် ထိရောက်မှုရှိသော လေယာဉ်တင်သင်္ဘောများဖြင့် အားဖြည့်ရန်   ဝန်ကြီးချုပ်ဟောင်း  ရှင်ဇိုအာဘေး ချမှတ်ခဲ့သော ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ရေးကို ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထို့ပြင် ဂျပန်အစိုးရသည် တရုတ်၊ မြောက်ကိုရီးယားနှင့် အာရှ၏ အခြားနေရာများရှိ ဝေးကွာသော ပစ်မှတ်များကို တိုက်ခိုက်ရန်   တာဝေးပစ်ဒုံးကျည်များကို ဝယ်ယူနေပြီး တပ်မတော်တွင် တပ်ဆင်နိုင်ရေးအတွက် လေ့လာသင်ယူမှုများ လုပ်ဆောင်လျက်ရှိသည်။

ဆယ်စုနှစ်သုံးခုအတွင်း ပထမဆုံးထုတ်လုပ်မည့် တိုက်လေယာဉ်သည် အမေရိကန်ဒေါ်လာဘီလီယံ ၄၀ ခန့်ကုန်ကျမည် ဖြစ်ပြီး  ၂၀၃၀ ပြည့်နှစ်အလွန် ကာလများတွင် အသုံးပြုနိုင်မည်ဟု မျှော်မှန်းရသည်။

မစ်ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်းက  လော့ဟိမာတင်ကုမ္ပဏီ၏ အကူအညီဖြင့် အကောင်အထည်ဖော်မည့်    အဆိုပါ တိုက်လေယာဉ်စီမံကိန်းက အမေရိကန်ဒေါ်လာ ၇၀၆ သန်း လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။

Ref: TST