ဗြိတိန်မှာတွေ့ရတဲ့ ဗီဇပြောင်းနိုဗယ် ကိုရိုနာဗိုင်းရပ်အကြောင်း တစေ့တစောင်း

ဗြိတိန်နိုင်ငံမှာတွေ့ရတဲ့ ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ မူလနိုဗယ်ကိုရိုနာဗိုင်းရပ်ထက် ကူးစက်မှုနှုန်း ၇၀ ရာခိုင်နှုန်းမြန်ဆန်တယ်လို့  ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပြီးခဲ့တဲ့သီတင်းပတ် အကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီဗီဇပြောင်းဗိုင်းရပ်ဟာ ထိန်းချုပ်လို့မရတဲ့ အခြေအနေမှာ ရောက်နေတဲ့အတွက် ခရစ္စမတ်ကာလအတွင်း ကူးစက်ပြန့်ပွားမှုနှုန်းကို လျှော့ချနိုင်စေဖို့ တင်းကျပ်တဲ့အသွားအလာ တားမြစ်ကန့်သတ်ချက်တွေကို ပြန်ပြီးချမှတ် လိုက်ရတယ်လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့က ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံအများအပြားဟာ ဒီလိုဗီဇပြောင်းဗိုင်းရပ်ကူးစက်မှုကို တားမြစ်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံကို  ခရီးသွားလာမှုတားမြစ်ကန့်သတ်ချက်တွေ ချထားပါသေးတယ်။

အခုဆိုရင် ဒီလိုဗီဇပြောင်းဗိုင်းရပ်ကို သယ်ဆောင်လာဖွယ်ရှိတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနှစ်ဦးကို သြစတြေးလျနိုင်ငံ  နယူးဆောက်ဝေးပြည်နယ်မှာ တွေ့ရပါတယ်။ ကံကောင်းတာတစ်ခုက အဲဒီလိုရောဂါဖြစ်ပွားသူ နှစ်ဦးဟာ ကွာရန်တင်းဝင်နေစဉ်မှာပဲ သူတို့ဆီက ဗီဇပြောင်းဗိုင်းရပ်ကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ပါတယ်။

ဒါကြောင့်   ဒီလိုကြောက်စရာကောင်းနေတဲ့ ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး သိမှတ်ဖွယ်ရာအဖြာဖြာကို ရေးသားတင်ပြသွားပါမယ်။

ဗီဇပြောင်းဗိုင်းရပ်ထွက်ပေါ်လာတဲ့အချိန်

ဗီဇပြောင်းနိုဗယ် ကိုရိုနာဗိုင်းရပ်ကို နိုဝင်ဘာလအကုန်ပိုင်းကစပြီး ဗြိတိန်တာဝန်ရှိသူတွေက တွေ့ရှိတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရေးအတွက် နိုင်ငံတော်အဆင့်အစီအမံတွေဆောင်ရွက်နေပါလျက် နိုင်ငံအတွင်းရောဂါကူးစက်မှုနှုန်းက ဘာကြောင့်ကျဆင်းသွားခြင်း မရှိတာလဲဆိုတာကို တာဝန်ရှိသူတွေက စစ်ဆေးကြည့်တဲ့အခါ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ လန်ဒန်မြို့တို့ကနေ ရောဂါလျင်မြန်စွာကူးစက်မှုဟာ   ဗီဇပြောင်းဗိုင်းရပ်နဲ့ ဆက်စပ်နေတယ်ဆိုတာကို တွေ့လိုက်ရတာဖြစ်ပါတယ်။

နောက်ကြောင်းပြန်စစ်ဆေးမှုတွေ လုပ်ကြည့်တဲ့ အခါမှာတော့ ဗီဇပြောင်းဗိုင်းရပ်ဟာ နိုင်ငံအတွင်းမှာ စက်တင်ဘာလကတည်းက ဖြစ်ပေါ်နေတယ်ဆိုတာကို တွေ့ရတာဖြစ်ပြီး နိုဝင်ဘာလလယ်မတိုင်မီအထိ လူဦးရေ အနည်းငယ်မှာသာ ကူးစက်ပြန့်ပွားနေတာ ဖြစ်တယ်လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အင်္ဂလန်နိုင်ငံဒေသ တချို့မှာ ရောဂါကူးစက်မှုမြင့်တက်လာရာကနေမှတစ်ဆင့် ရောဂါဖြစ်ပွားသူ အရေအတွက်နဲ့ ရောဂါဖြစ်ပွားမှုရှိတဲ့ဒေသအရေအတွက်ဟာ လျင်မြန်စွာ မြင့်တက်လာရခြင်း ဖြစ်တယ်လို့ ဗြိတိန် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇအဖွဲ့(COG-UK)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပြောင်းလဲသွားတဲ့ဗီဇများ

ဒီကနေ့တွေ့ရတဲ့ ဗီဇပြောင်းဗိုင်းရပ်မှာ ထူးထူးခြားခြား မျိုးရိုးဗီဇပြောင်းလဲမှုအများအပြားကိုတွေ့ရတယ်လို့ COG-UK က ဆိုပါတယ်။

အဲဒီထဲမှာ ပေါင်းစပ်မျိုးရိုးဗီဇပြောင်းလဲမှု ၂၃ မျိုး၊ အမိုင်နိုအက်စစ်ပြောင်းလဲမှု ၁၄ မျိုးနဲ့ ဖျက်ဆီးမှု သုံးမျိုးတို့ ပါဝင်ပါတယ်။ အဓိကအားဖြင့် ဇီဝဗေဒနည်းအရ ထူးခြားမှုရှိတဲ့ ဗီဇပြောင်းလဲမှုသုံးခုကို တွေ့ရတာ ဖြစ်ပါတယ်။

အဲဒီပြောင်းလဲမှုသုံးခုစလုံးဟာလည်း ဗိုင်းရပ်ရဲ့ စပိုက်ပရိုတိန်းထဲမှာ ရှိတာပါ။ စပိုက်ပရိုတိန်းဆိုတာကတော့ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလာပ်စည်းတွေကို ဗိုင်းရပ်ကတွယ်ကပ်ဖို့အတွက် အဓိကကျတဲ့ အရာဖြစ်ပြီး ကိုယ်ခံအားစနစ်နဲ့  ရောဂါကာကွယ်ဆေးတွေ အဓိကပစ်မှတ်ထားတဲ့အရာလည်း ဖြစ်ပါတယ်။ ပထမဆုံးဗီဇပြောင်းလဲမှု တစ်ခုကတော့  N501Y  လို့ ခေါ်ပါတယ်။ စပိုက်ပရိုတိန်းမှာ ရှိတဲ့သူက လက်ခံကလာပ်စည်းအပေါ် ချည်နှောင်မှုကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။

ဒါကြောင့် N501Y   က လူသားတွေမှာရှိတဲ့ ကလာပ်စည်းတွေထဲကို ဝင်ဖို့အတွက် ACE-2 လို့ခေါ်တဲ့ လက်ခံကလာပ်စည်းကို ချည်နှောင်မှုအပေါ် သက်ရောက်စေပါတယ်။

N501Y က ဗိုင်းရပ်နဲ့ လူသားလက်ခံကလာပ်စည်းကြားမှာ  ခိုင်မာတဲ့ ချည်နှောင်မှုကို ဖြစ်ပေါ်စေပြီး ကြွက်တွေမှာ စမ်းသပ်မှုအရတော့ ပြောင်းလဲသွားတဲ့ ဒီဗီဇဟာ ကူးစက်မှုနဲ့ပြင်းထန်မှုကို ပိုမိုမြင့်တက်စေတယ်ဆိုတာကို တွေ့ရတယ်လို့  COG-UK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုတိယမြောက်ဗီဇပြောင်းလဲမှုမှာတော့ အမိုင်နိုအက်စစ်နှစ်မျိုးကို ဖျက်ဆီးခြင်းနဲ့ ဗိုင်းရပ်က လူသားတွေရဲ့ ကိုယ်ခံအားစနစ်ကို ထိုးဖောက် ဝင်ရောက်နိုင်စွမ်းမြင့်မားမှုတို့ ပါဝင်ပါတယ်။   ဒီလိုဗီဇကိုတော့ မကြာသေးခင်က ဒိန်းမတ်နိုင်ငံမှာဖြစ်တဲ့ မြွေပါတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာတွေ့ရပါတယ်။

ပြောင်းလဲသွားတဲ့ တတိယမြောက်ဗီဇကတော့ P681H လို့ခေါ်ပြီး စပိုက်ပရိုတိန်း အပေါ်မှာရှိတဲ့ ဖျူရင်ပရိုတိန်း အက်ကွဲကြောင်း နေရာအနီးမှာ တည်ရှိပါတယ်။ အဲဒီနေရာကတော့ ဇီဝဗေဒနည်းအရ အလွန်ထူးခြားတဲ့နေရာအဖြစ် လူသိများပါတယ်။

COG-UK မှ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဒီလိုဗီဇပြောင်းဗိုင်းရပ်ဟာ   ကာလရှည်ကြာဗိုင်းရပ် ကူးစက်ခံရတဲ့သူတွေ ဆီမှာရှိတဲ့ ဗိုင်းရပ်ကနေ ပြန့်ပွားလာတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

စိုးရိမ်ရမှာလား၊ မစိုးရိမ်ရဘူးလား

လက်ရှိတွေ့ရှိရတဲ့အချက်အလက်တွေအရ အခုဗီဇပြောင်းဗိုင်းရပ်ဟာ   တခြားဗီဇပြောင်းဗိုင်းရပ် တွေထက် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားပါတယ်။ ဘယ်လောက်အထိမြင့်လဲဆိုရင်  မျှော်မှန်းထားတာထက်ကို ကူးစက်မှု နှုန်းမြင့်မားတာ ဖြစ်တယ်လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း ဗီဇပြောင်းဗိုင်းရပ်ဟာ ရောဂါပြင်းထန်မှု၊ လူသေဆုံးမှုစတဲ့ အကြောင်းအရာတွေကို ပိုမိုဖြစ်ပေါ် စေတယ်ဆိုတဲ့ သက်သေတွေမတွေ့ရပါဘူး။

ဗိုင်းရပ်က ဘယ်လိုမျိုးဗီဇ ပြောင်းသွားပါစေ သူ့ကိုတုံ့ပြန်မှုနဲ့ထိန်းချုပ်မှု နည်းလမ်းတွေကတော့ အကုန်လုံးအတူတူပဲ ဖြစ်ပါတယ်။

ဆိုလိုတာက  လက်ရှိတစ်ကမ္ဘာလုံး မဖြစ်မနေကျင့်သုံးနေရတဲ့ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုကို ရှောင်ရှားခြင်း၊ လက်ဆေးခြင်းနဲ့ နှာခေါင်းစည်းတပ်ခြင်း ဆိုတဲ့ အခြေခံလုပ်ဆောင်မှုတွေကို လုပ်ဆောင်ရုံနဲ့ ဗိုင်းရပ်ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။

ဒီတော့ ဗီဇပြောင်းဗိုင်းရပ်နဲ့ပတ်သက်ပြီး စိုးရိမ်ရမလားဆိုရင် နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ နဂိုကတည်းက စိုးရိမ်ရတဲ့ ဗိုင်းရပ်ဖြစ်တာကြောင့် အခုဗီဇပြောင်းဗိုင်းရပ်ဟာလည်း စိုးရိမ်ရပါလိမ့်မယ်။

ဗီဇပြောင်းဗိုင်းရပ်ကြောင့် သေဆုံးမှုနှုန်းမြင့်တက်လာခြင်း မရှိသော်လည်း ကူးစက်မှုနှုန်းမြင့်တက်လာတာနဲ့အမျှ သေဆုံးမှုနှုန်းကလည်း တစ်နည်းတစ်ဖုံမြင့်တက်လာနိုင်တဲ့အတွက် စိုးရိမ်စိတ်နဲ့ သတိထားသင့်ပါတယ်။

အရင်တုန်းကရော ဒီလိုဖြစ်ဖူးလား

ဗိုင်းရပ်ဟာ လူ့ခန္ဓာကိုယ်ထဲ ဝင်သွားပြီ ဆိုတာနဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဗီဇပြောင်းသွားလေ့ရှိပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်နှောင်းပိုင်းကနေစပြီး ဒီနေ့အချိန်အထိ ဗီဇပြောင်းလဲမှုပေါင်းထောင်ကျော်ရှိပါတယ်။

ဒီလိုမျိုးဗီဇပြောင်းလဲမှုတွေကို နိုင်ငံအများအပြားမှာလည်း တွေ့ခဲ့ရပါတယ်။ ဥပမာအားဖြင့် သြဂုတ်လတုန်းက  စင်ကာပူနိုင်ငံမှာ တွေ့ရတဲ့   ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ရောဂါကူးစက်ခံရသူတွေမှာ ပြင်းထန်မှုမရှိတဲ့ ရောဂါလက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။

နောက်တစ်ခုက နာမည်ကျော် D614G ဗီဇပြောင်းလဲမှုပါ။ အဲဒီဗီဇပြောင်းဗိုင်းရပ်ဟာ အခုဗြိတိန်မှာ တွေ့တဲ့ ဗီဇပြောင်းဗိုင်းရပ်လိုပဲ ကူးစက်မှုအလွန်မြန်ဆန်ပါတယ်။ ဒါပေမဲ့ သေဆုံးမှုကိုတော့ နည်းပါးစေပါတယ်။

ဒါကြောင့် ဗိုင်းရပ်ရဲ့ မျိုးရိုးဗီဇတွေပြောင်းလဲမှုဟာ ဆက်လက်ဖြစ်ပေါ်လာတာနဲ့အမျှ ဒီလိုပြောင်းလဲသွားတဲ့ မျိုးရိုးဗီဇတွေရဲ့ ပေါင်းစပ်မှုဟာလည်း မြင့်တက်လာလေ့ရှိပါတယ်။ ဒီအတွက် ဗိုင်းရပ်ကူးစက်မှုတစ်ခုစတင်ပြီဆိုတာနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုဟာ ယခင်၊ ယခုနဲ့ နောင်မှာပါဖြစ်ပေါ်နေမှာဖြစ်ပါတယ်။

အစိုးရအသီးသီးရဲ့ တုံ့ပြန်မှု

အင်္ဂလန်မှာဆိုရင် လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းဟာ တင်းကျပ်တဲ့ အဆင့်လေး စီမံချက်အတိုင်းနေထိုင်ရပါတယ်။  အဲဒီထဲမှာ  နေအိမ်၌နေထိုင်ခြင်းနဲ့ အရေးမကြီးတဲ့ဆိုင်များကို ပိတ်ခြင်းတို့ ပါဝင်ပါတယ်။

ဝေလပြည်နယ်မှာတော့ ဒီဇင်ဘာ ၂၀ ရက်ကစလို့ တင်းကျပ်တဲ့ အသွားအလာ တားမြစ်ကန့်သတ်မှုကို ချမှတ်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ စကော့တလန်က ဗြိတိန်နိုင်ငံကိုသွားရောက်ခြင်းနဲ့ အဲဒီနိုင်ငံကနေ ဝင်ရောက်မှုတို့ကို တားမြစ်ထားပါတယ်။

အခုလိုမျိုး ဗီဇပြောင်းဗိုင်းရပ်ကို ဗြိတိန်နိုင်ငံမှာသာမက သြစတြေးလျ၊ ဒိန်းမတ်နဲ့နယ်သာလန်နိုင်ငံ တို့မှာလည်း တွေ့ရှိရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် နိုင်ငံအများအပြားဟာ သူတို့နိုင်ငံထဲကို ဗီဇပြောင်းဗိုင်းရပ်မဝင်လာနိုင်စေဖို့အတွက် ဗြိတိန်နိုင်ငံမှ ခရီးသွားတွေ ဝင်လာမှုကို တားမြစ်ထားပါတယ်။ ပြင်သစ်နိုင်ငံဆိုရင် ဗြိတိန်နိုင်ငံမှ ကုန်ပစ္စည်းတွေကိုပါ တင်သွင်းမှု ရပ်ဆိုင်းထားပါတယ်။

ဗြိတိန်နိုင်ငံဟာ ဖိုင်ဇာနဲ့ဘိုင်အိုအန်တက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမဆုံးအသုံးပြုခွင့်ပေးပြီး နိုင်ငံတစ်ဝန်းမှာ ကာကွယ်ဆေးထိုးနှံမှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီကာကွယ်ဆေးက အခုဖြစ်ပေါ်နေတဲ့ ဗီဇပြောင်းဗိုင်းရပ်ရဲ့ လူတွေအပေါ် ကူးစက်မှုကို ကာကွယ်နိုင်စွမ်း မရှိဘူးဆိုတဲ့ သက်သေပြချက်ကို မတွေ့ရသေးပါဘူး။

ဒါကြောင့်   သုတေသနပြုလေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်ရဦးမှာဖြစ်တယ်လို့ အင်္ဂလန် ပြည်သူ့ကျန်းမာရေး ဌာနက ထုတ်ပြန်ထားပါတယ်။