မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးလုပ်ငန်းကို ဖေဖော်ဝါရီလတွင်စတင်မည်

ကွာလာလမ်ပူ၊ ကျန်းမာရေး

မလေးရှားနိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို  ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ် ကြောင်း ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်က ဒီဇင်ဘာ ၂၂ ရက်တွင်ပြောသည်။

ထိုးနှံပေးမည့်ကာကွယ်ဆေးမှာ ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖြစ်ပြီး ဝန်ကြီးချုပ်က ကာကွယ်ဆေး ထိုးမှုကို ဦးစွာခံယူသွားမည်ဖြစ်သည်။

ထို့ပြင် အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိပြည်သူများအနက် ၈ဝ ရာခိုင်နှုန်းအတွက် လုံလောက်သည့် ကာကွယ် ဆေးများကို ဝယ်ယူဖြည့်တင်း ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးသည် စိတ်ချရမှုရှိပြီး အာနိသင်ထိရောက်မှုရှိကြောင်း ပြည်သူများအနေဖြင့် လက်ခံ ယုံကြည်စေရန် ဝန်ကြီးချုပ်ကိုယ်တိုင် ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံမည်ဖြစ်ကာပြီးမှသာ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ဆောင်ရွက်နေသူများနှင့် ရောဂါကူးစက် လွယ်သူများကို ထိုးနှံ ပေးသွား မည်ဖြစ်သည်။

မလေးရှား အစိုးရအနေဖြင့် အက်စထရာဇီနီကာ ကုမ္ပဏီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၆ ဒသမ ၄ သန်းဝယ် ယူရန် သဘောတူစာချုပ်တစ်ခု ရရှိထားပြီး ထိုပမာဏမှာ လူဦးရေ ၁ဝ ရာခိုင်နှုန်းအတွက် လုံလောက်မည ်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံက ကာကွယ်ဆေး ဝယ်ယူမှုစုစုပေါင်းသည် လူဦးရေ ၄ဝ ရာခိုင်နှုန်းအတွက် လုံလောက်သည့်ပမာဏရရှိ လာပြီဖြစ်ကြောင်းသိရသည်။

တစ်ချိန်တည်းမှာပင် မလေးရှားအစိုးရသည် ကာကွယ်ဆေး ပိုမိုရရှိရေးအတွက် တရုတ်နိုင်ငံမှ ကန်ဆိုင်နိုနှင့် ဆီနိုဗက် ကုမ္ပဏီ တို့အပြင် ရုရှားနိုင်ငံမှ ဂါမယ်လီယာသုတေသနဌာနတို့နှင့်လည်း ဆွေးနွေးနေကြောင်း သိရသည်။