အမေရိကန် အနေဖြင့် မှားယွင်းသည့် ဆုံးဖြတ်ချက်ကို ပြန်ပြင်မည်ဟု တူရကီမျှော်လင့်

အန်ကာရာ၊ နိုင်ငံရေး

ရုရှားနိုင်ငံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဝယ်ယူမှုနှင့်ပတ်သက်၍  တူရကီနိုင်ငံအပေါ် အရေး ယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့် အမေရိကန်အစိုးရ အနေဖြင့် ၎င်းတို့၏ မှားယွင်းသည့် ဆုံးဖြတ်ချက်ကို အမြန်ဆုံး ပြန်ပြင်မည်ဟု မျှော်လင့်ကြောင်း တူရကီ ကာကွယ်ရေး ဝန်ကြီး ဟူလူ ဆီအာကာက NTV သတင်းဌာနသို့ ပြော သည်။

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံ၏ ရန်ဘက်နိုင်ငံများ အပေါ် အရေးယူ ပိတ်ဆို့မှု ချမှတ်ခြင်းဖြင့် တုံ့ပြန် သည့် ဥပဒေအရ ပြီးခဲ့သည့် သီတင်းပတ်တွင် တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအရေးယူပိတ်ဆို့မှုသည် တူရကီနိုင်ငံ၏ ကာကွယ်ရေး စက်မှုလုပ်ငန်းအပေါ် အဓိကပစ်မှတ်ထားခြင်းဖြစ် ပြီး ထိုလုပ်ငန်းမှ အကြီးအကဲ အစ္စမေး ဒီမီယာ အပါအဝင် တာဝန်ရှိသူ လေးဦးကို အရေးယူ ဒဏ်ခတ်ခြင်းဖြစ် သည်။

အထူးသဖြင့် အမေရိကန် နိုင်ငံမှ တူရကီကာကွယ်ရေး စက်မှုလုပ်ငန်းသို့ ပစ္စည်းများ တင်ပို့မှုကို ရပ်ဆိုင်းရန်နှင့်  အဆိုပါ လူပုဂ္ဂိုလ်လေးဦး၏ အမေရိကန် နိုင်ငံရှိ ပိုင်ဆိုင်မှုများကို အမေရိကန် အစိုးရက ထိန်းသိမ်း ထားရန်ဖြစ် သည်ဟု အရေးယူ ပိတ်ဆို့မှုတွင် ဖော်ပြထားသည်။

အမေရိကန်၏ အရေးယူ ပိတ်ဆို့မှု ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တူရကီ သမ္မတ ရီဆပ်တေ ယစ်အာဒိုဂန်က ပြင်းပြင်းထန်ထန် ဝေဖန်သော်လည်း နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာ အခွင့်အရေးကို အမိအရ ဆက်လက်ဆုပ်ကိုင် သွားမည် ဖြစ်ကြောင်း ကတိပြုထားသည်။

ရုရှား၏ လေကြောင်းရန် ကာကွယ်ရေး စနစ်သည် NATO တပ်ဖွဲ့၏ လုံခြုံရေး စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသည့် အပြင် အမေရိကန်၏ စစ်ဘက် နည်းပညာ အပေါ်ကိုပါ အန္တရာယ်ဖြစ်စေကြောင်း အမေရိကန် အစိုးရက ဝေဖန် ထားကြောင်း သိရသည်။