ဖိုင်ဇာနှင့်ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက ဗီဇပြောင်းဗိုင်းရပ်ကို ကာကွယ်နိုင်မည်ဟုဆို

ဖိုင်ဇာနှင့် ဘိုင်အိုအန်တက် ကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ဗြိတိန်နိုင်ငံ၌ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည့်  ဗီဇပြောင်းဗိုင်းရပ်ကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဘိုင်အိုအန်တက် ကုမ္ပဏီ ပူးတွဲတည်ထောင်သူက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောသည်။

သိပ္ပံနည်းအရ အဆိုပါ ကာကွယ်ဆေးသည် ဗီဇပြောင်းဗိုင်းရပ်ကို အမြန်ဆုံး တိုက်ထုတ်ပေးနိုင်သည့် ကိုယ်ခံအားစနစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း    ဒေါက်တာယူဂါဆာဟင်းက ပြောသည်။

လိုအပ်ပါက ကုမ္ပဏီအနေဖြင့် ဗီဇပြောင်းဗိုင်းရပ်အတွက် ကာကွယ်ဆေးကို အမြန်ဆုံးထုတ်လုပ်ရန်လိုအပ်ကြောင်း၊   သို့သော် သီတင်းပတ် ၆ ပတ်အတွင်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း    ၎င်းကဆက်ပြောသည်။

ဗြိတိန်နိုင်ငံ၌ တွေ့ရှိသော ဗီဇပြောင်းဗိုင်းရပ်တွင်  ဗီဇပြောင်းမှုကိုးမျိုးသာရှိပြီး ကာကွယ်ဆေးက အမိုင်နိုအက်စစ် ၁၀၀၀ ကျော်ပါဝင်ကြောင်း ဒေါက်တာယူဂါဆာဟင်းကဆိုသည်။

အဆိုပါ အမိုင်နိုအက်စစ် ၁၀၀၀ ကျော်အနက် ကိုးမျိုးသာ ပြောင်းလဲခြင်းကြောင့် ကျန်ရှိသည့် ၉၉ ရာခိုင်နှုန်းမှာ ပုံမှန်အတိုင်း ဖြစ်သည့်အတွက်  ဗီဇပြောင်းဗိုင်းရပ်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ကာကွယ်ဆေးက ဗီဇပြောင်းဗိုင်းရပ်ကို ကာကွယ်နိုင်ခြင်းရှိ၊ မရှိ စမ်းသပ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး သီတင်းပတ်နှစ်ပတ်အတွင်းရလဒ်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုကာကွယ်ဆေးသည် ဗီဇပြောင်းဗိုင်းရပ်ကို ကာကွယ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်းနှင့် အချက်အလက်များကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်ဟု သိရသည်။                   

Ref: TST