လေပိုင်နက်အတွင်းဝင်လာသည့် ပြည်ပစစ်လေယာဉ် ၁၉ စင်းကို တောင်ကိုရီးယား တိုက်လေယာဉ်များက မောင်းထုတ်

တောင်ကိုရီးယားလေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ ဝင်လာသည့်    ပြည်ပစစ်လေယာဉ် ၁၉ စင်းကို တောင်ကိုရီးယား တိုက်လေယာဉ်များက မောင်းထုတ်ခဲ့ရကြောင်း သိရသည်။

လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ ဝင်လာသည့် ပြည်ပစစ်လေယာဉ် ၁၉ စင်းအနက် လေးစင်းမှာ တရုတ်နိုင်ငံမှဖြစ်ပြီး ၁၅ စင်းမှာ ရုရှားနိုင်ငံမှဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ဒီဇင်ဘာ ၂၂ ရက်တွင်ထုတ်ပြန်သည်။

ထို့ကြောင့် အဆိုပါ ပြည်ပစစ်လေယာဉ်များကို နိုင်ငံ၏လေပိုင်နက်အတွင်းမှ မောင်းထုတ်ရန် လေတပ်မှ တိုက်လေယာဉ်များကို စေလွှတ်ခဲ့ရကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်စစ်လေယာဉ်များသည်   ပုံမှန်လေ့ကျင့်ပျံသန်းမှုကို လုပ်ဆောင်နေကြောင်း တရုတ်စစ်ဘက်က တောင်ကိုရီးယား စစ်ဘက်ကို အကြောင်းကြားပြီးနောက် ပိုင်နက်အတွင်းသို့ ထိုစစ်လေယာဉ်များ ဝင်ရောက်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုဖြစ်စဉ်သည် တရုတ်နှင့်ရုရှားတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်ခြင်း ဖြစ်နိုင်ကြောင်း၊   သို့သော် အသေးစိတ်ကို လေ့လာရဦးမည် ဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်  ဇူလိုင်လကလည်း  တရုတ်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်  တောင်ကိုရီးယား လေပိုင်နက်အတွင်း ဝင်လာသည့် ရုရှားစစ်လေယာဉ်ကို တောင်ကိုရီးယား တိုက်လေယာဉ်များက သတိပေးပစ်ခတ်မှုများ လုပ်ခဲ့ဖူးကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင်  ဂျပန်စစ်ဘက်ကလည်း ဂျပန်လေပိုင်နက်အတွင်း ဝင်လာသည့် ရုရှားနှင့် တရုတ်စစ် လေယာဉ်များကို မောင်းထုတ်ရန် ၎င်းတို့၏ တိုက်လေယာဉ်များကို စေလွှတ်ခဲ့ရသည်။ သို့သော် အဆိုပါ ထုတ်ပြန်ချက်ကို   ရုရှားနှင့်တရုတ်တို့က ငြင်းဆိုထားကြောင်း သိရသည်။

Ref: CNA