မလေးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံရရှိရေးနှင့် အဆင့်မြင့် အအေးခန်းများ ပြင်ဆင်ရေးစီစဉ်

မလေးရှား အစိုးရအနေဖြင့်   နိုင်ငံ၏လူဦးရေ ၈၃ ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်မံရရှိရန် ဖိုင်ဇာအပါအဝင် အခြားဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ဆွေးနွေးနေပြီး အပူပိုင်းဒေသဖြစ်သော ၎င်းနိုင်ငံ၌ ဆေးသိုလှောင်ရန် အဆင့်မြင့်အအေးခန်းများ ပြင်ဆင်ရေး စီစဉ်နေကြောင်း သိရသည်။

အစိုးရအနေဖြင့် လူဦးရေ ၃၂ သန်းအတွက် ကာကွယ်ဆေးများရရှိထားပြီး ကာကွယ်ဆေးအလုံအလောက်ဝယ်ယူရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အသုံးပြုမည်ဟု ကတိပြုထားကြောင်း သိပ္ပံဝန်ကြီးခါရီဂျာမာလတ်ဒင်က ပြောသည်။

မလေးရှားအစိုးရသည် ဖိုင်ဇာနှင့်ဘိုင်အိုအန်တက်ကုမ္ပဏီတို့ ပူးတွဲဖော်စပ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၂ ဒသမ ၈ သန်းကိုဝယ်ယူရန် ထိုကုမ္ပဏီများနှင့် ကနဦးသဘောတူစာချုပ် ချုပ်ဆိုထားပြီး ၎င်းနိုင်ငံ၏ နောက်ထပ် လူဦးရေအတွက် ကာကွယ်ဆေးများ ထပ်မံဝယ်ယူရေးဆွေးနွေးနေခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံရှိဆီနိုဗက်နှင့် ကန်ဆိုင်နိုဇီဝကုမ္ပဏီတို့ အပါအဝင် ရုရှားနိုင်ငံ ဂါမယ်လီယာ သုတေသနအဖွဲ့တို့ ထံမှလည်း ကာကွယ်ဆေး ၂၃ ဒသမ ၉ သန်းရရှိရေးအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

အလားတူ မလေးရှားအစိုးရအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗက်အစီအစဉ်မှ အက်စထရာဇီနီကာ ကုမ္ပဏီ၏ ကာကွယ်ဆေးများကိုလည်း ရရှိမည်ဖြစ်ပြီး မိုဒန်နာကုမ္ပဏီ၊ ဂျွန်ဆင်နှင့် ဂျွန်ဆင်ကုမ္ပဏီတို့ထံမှ ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေး ဆွေးနွေးနေကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ တစ်နှစ်လုံးပျမ်းမျှအပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ်ရှိသောကြောင့် အစိုးရအနေဖြင့်  ကာကွယ်ဆေးများကို ကြာရှည်စွာ   မသိမ်းဆည်းထားရစေရေးအတွက် ဖြန့်ချိရေးကွန်ရက်များ ဖန်တီးရန်လည်း ဆန္ဒရှိနေသည်။ ထို့ကြောင့် ဖိုင်ဇာကုမ္ပဏီထုတ်ကာကွယ်ဆေးများ နိုင်ငံအတွင်းသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ထိုကာကွယ်ဆေးများကို အချိန်နှင့်တစ်ပြေးညီ ထိုးပေးသွားနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။                  

Ref: Reuters