တရုတ် CAS ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက ကိုယ်ခံအားကို ထုတ်လုပ်ပေးဟုဆို

တရုတ်သိပ္ပံတက္ကသိုလ် (CAS) မှစမ်းသပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ ပထမနှင့်ဒုတိယအဆင့်စမ်းသပ်မှုတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်သည့် ကိုယ်ခံအားကိုထုတ်လုပ်ပေးကြောင်း သုတေသနပညာရှင်များက တွေ့ရှိသည်။

ZF2001 ခေါ်သည့် အဆိုပါ ကာကွယ်ဆေး၏ နောက်ဆုံးအဆင့်စမ်းသပ်မှုကို    တရုတ်နိုင်ငံ၌ ပြီးခဲ့သည့်လတွင် စတင်လုပ်ဆောင်နေပြီး တရုတ်၊ ဥဇဘက်ကစ္စတန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အီကွေဒေါနိုင်ငံတို့မှ လူပေါင်း ၂၉၀၀၀ ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးသည် ဆေးထိုးပြီးနောက် ဖြစ်သောနာကျင်ခြင်း၊ နီမြန်းခြင်းနှင့် ရောင်ရမ်းခြင်း အပါအဝင် ဖြစ်လေ့ဖြစ်ထရှိသော ဘေးထွက်ဆိုးကျိုးများလည်း မရှိကြောင်း  သုတေသနပညာရှင်များက ဒီဇင်ဘာ ၂၂ ရက်တွင်ထုတ်ပြန်သည်။

ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြားရှိ ကျန်းမာသည့် တရုတ်နိုင်ငံသား ၉၅၀ ပါဝင်ကြောင်း သိရသည်။

ပထမအဆင့်စမ်းသပ်မှုတွင် ဆေးပမာဏအများအပြားနှင့် ဆေးပမာဏအနည်းငယ်ဟူ၍ နည်းလမ်းနှစ်ခုဖြင့် စမ်းသပ်ပြီး ဒုတိယအဆင့်စမ်းသပ်မှုတွင် ထိုနည်းလမ်းနှစ်ခုစလုံးကို နှစ်ကြိမ်နှင့်သုံးကြိမ်ထိုးနှံမှုဖြင့် လုပ်ဆောင်သည်။

အမြင့်ဆုံးစမ်းသပ်မှုမှာ ဆေးပမာဏအများအပြားကို ရက် ၃၀ ခြားတစ်ကြိမ်ဖြင့် သုံးကြိမ်ထိုးခြင်းဖြစ်သည်။ သို့သော် ထိုသို့ထိုးနှံမှုကို ဆေးပမာဏအနည်းငယ်ဖြင့် စမ်းသပ်မှုနှင့် နှိုင်းယှဉ်ပါက ကောင်းမွန်သော ကိုယ်ခံအားကို မထုတ်လုပ်ပေးနိုင်သည်ကို တွေ့ရသည်။

ထို့ကြောင့် နောက်ဆုံးအဆင့် စမ်းသပ်မှုတွင် ဆေးပမာဏအနည်းငယ်ကို သုံးကြိမ်ထိုးသည့်နည်းဖြင့် လုပ်ဆောင်သွားမည် ဖြစ်သည်။

ယခုစမ်းသပ်မှုတွင် ပါဝင်သူများအနက် ၉၃ ရာခိုင်နှုန်းတွင် ရောဂါပိုးကိုတိုက်ထုတ်နိုင်သည့် ပဋိပစ္စည်းများကို တွေ့ရှိကြောင်းနှင့် ထိုပဋိပစ္စည်းပမာဏသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် နေပြန်ကောင်းလာသူတွင် ဖြစ်ပေါ်သည့် ပဋိပစ္စည်းပမာဏထက် များပြားကြောင်း သိရသည်။           

Ref: CNA