နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည်ဟု ထိုင်းအစိုးရ ယုံကြည်

ထိုင်းနိုင်ငံအတွင်း   ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို အသွားအလာ တားမြစ်ကန့်သတ်ချက်များ မချမှတ်ဘဲ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ထိုင်းအစိုးရက  ဒီဇင်ဘာ ၂၄ ရက်တွင် ပြောသည်။

အစိုးရအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက်    အကောင်းဆုံးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လူတိုင်း ပူးပေါင်းဆောင်ရွက်ပါက   ထိုရောဂါကို ထိန်းချုပ်နိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားကြောင်း ဝန်ကြီးချုပ် ပရာယုချန်အိုချာက ပြောသည်။

ထိုင်းနိုင်ငံသည် အစောပိုင်းတွင်ဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို နိုင်ငံအတွင်းရှိ ကောင်းမွန်သော ကျန်းမာရေး အခြေခံအဆောက်အအုံများကြောင့်နှင့် ပြည်သူများက နှာခေါင်းစည်းတပ်ခြင်းနှင့် အခြားလိုက်နာ ဖွယ်ရာများကို လိုက်နာခြင်းတို့ကြောင့် ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် ပြီးခဲ့သည့်သီတင်းပတ်တွင် ဆမွတ်ဆခွန်ပြည်နယ်ရှိ ပုစွန်ဈေးတစ်ခုမှ စတင်သော ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်   ကြိုးပမ်းနေရခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ဒီဇင်ဘာ ၂၀ ရက်မှစ၍ ယနေ့အချိန်အထိ    ရောဂါကူးစက်ခံရသည့် ရွှေ့ပြောင်းအလုပ်သမားများ၊ ပုစွန်ဈေးအနီး နေထိုင်အလုပ်လုပ်ကိုင်သည့်  ထိုင်းနိုင်ငံသားများ စုစုပေါင်း အယောက် ၁၀၀၀ ကျော်ရှိလာပြီ ဖြစ်သည်။

ဒီဇင်ဘာ ၂၄ ရက်တွင်မူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၆၇ ဦး ရှိသည့်အတွက် နိုင်ငံအတွင်း ရောဂါဖြစ်ပွားသူ ၅၈၂၉ ဦးနှင့် သေဆုံးသူအယောက် ၆၀ ရှိကြောင်း ကျန်းမာရေး တာဝန်ရှိသူများက  ထုတ်ပြန်ထားသည်။

Ref: CNA