ကျောင်းသား ကျောင်းသူများ၏ စုပေါင်းပန်းချီပြပွဲနှင့် ပန်းချီဆရာကြီး ဦးစောလှိုင်၏ ဆရာများ၏ အမွေထဲက ကိုယ်ပိုင်ဟန်စာအုပ် မိတ်ဆက်ပွဲ ကျင်းပ

 

ကျောင်းသား ကျောင်းသူများ၏ စုပေါင်းပန်းချီပြပွဲနှင့် ပန်းချီဆရာကြီး ဦးစောလှိုင်၏ ဆရာများ၏ အမွေထဲက ကိုယ်ပိုင်ဟန်စာအုပ် မိတ်ဆက်ပွဲ ကျင်းပ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)  ပန်းချီပညာဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းပန်းချီပြပွဲနှင့်  ပန်းချီဆရာကြီး ဦးစောလှိုင်၏ ဆရာများ၏  အမွေထဲက ကိုယ်ပိုင်ဟန် စာအုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ Ayarwon Art၌ ကျင်းပကြောင်း သိရသည်။ အဆိုပါပန်းချီပြပွဲတွင်  ပထမနှစ်၊ ဒုတိယနှစ်နှင့်  တတိယနှစ်ကျောင်းသား၊ ကျောင်းသူ  ၅၀  ၏ ပန်းချီကား  ၉၅  ကား၊ ရေဆေးပန်းချီကား ၈၀ နှင့် တခြားပန်းချီကားများ ပါဝင်ပြသထားသည်။
 ““တက္ကသိုလ်ရဲ့ ပြင်ပအနုပညာ လှုပ်ရှားမှုအဖြစ် ဒီပြပွဲကို ပြသတာဖြစ်ပါတယ်။ တစ်နှစ်ကို တစ်ကြိမ် ကျင်းပဖြစ်ပါတယ်။ ကျောင်းမှာမဟုတ်ဘဲ   ပြင်ပအနုပညာ လှုပ်ရှားမှုအနေနဲ့ ပြသတဲ့ အတွက် ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ ပြပွဲအတွေ့အကြုံ ရရှိပါတယ်””ဟု အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခ ဌာနမှူး ဦးမြတ်ထွန်းအောင် ကပြောသည်။ အဆိုပါပန်းချီပြပွဲပြသခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပန်းချီကားတစ်ကားလုံး အစအဆုံး လက်မှတ်ရေးထိုးပြီး တာဝန်ယူတတ်ရန်၊ ပန်းချီကားများကို သပ်ရပ်စွာဘောင် ထည့်တတ်ရန်နှင့်  စုပေါင်းပြပွဲ ပြုလုပ်တတ်သည့် အတွေ့အကြုံများ ရရှိရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ အဆိုပါပန်းချီပြပွဲကို ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ ပြသလျက်ရှိကြောင်း သိရသည်။