စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာမြူဒါတြိဂံအကြောင်း(၁)

လူသားတွေဟာ သူတို့ကိုယ်သူတို့အရာရာကိုသိရှိတယ်လို့   ထင်မှတ်ကြလေ့ရှိပါတယ်။ တကယ်တမ်းကျတော့ ထင်သလိုမဟုတ်ပါဘူး။ ကမ္ဘာမြေအကြောင်းနဲ့ ပတ်သက်လာရင် ပိုလို့တောင်မသိပါသေးတယ်။ ကမ္ဘာကြီးအကြောင်းနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် မြေပြင်ပေါ်ကအရာတွေကို လူသားတွေအနေနဲ့ လွယ်လွယ်ကူကူ စူးစမ်းရှာဖွေနိုင်ပေမယ့် ရေအောက်က အကြောင်းအရာတွေကိုတော့ လွယ်လွယ်ကူကူ မစူးစမ်းနိုင်ကြပါဘူး။ အထူးသဖြင့် သမုဒ္ဒရာကြီးတွေ ထဲမှာဆိုရင် လူသားတွေမသိသေးတဲ့ နက်နဲလှတဲ့ အကြောင်းအရာတွေ အများကြီး ရှိနေပါသေးတယ်။

အဲဒီလိုကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးတွေထဲမှာ ဘာတွေရှိနေတယ်ဆိုတာကိုလည်း   ဘယ်သူမှ ခရေစေ့တွင်းကျ မဖော်ထုတ်နိုင်သေးပါဘူး ဒါပေမဲ့ ဒီလိုသမုဒ္ဒရာကြီးတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ယုံတမ်းစကားတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတာတော့ အမှန်ပါပဲ။အဲဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်မှုတွေထဲကမှ လူပြောအများဆုံး၊ လူစိတ်အဝင်စားဆုံး အကြောင်းအရာတစ်ခုကတော့   ဘာမြူဒါတြိဂံအကြောင်းပဲ ဖြစ်ပါတယ်။

ဘာမြူဒါတြိဂံကို  သေမင်းတမန်တြိဂံလို့ခေါ်သလို ဟာရီကိန်းလမ်းကြားလို့လည်း ခေါ်ပါတယ်။ ဘာမြူဒါတြိဂံတည်ရှိတဲ့ နေရာကတော့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာရဲ့ အနောက်ပိုင်းမှာပါ။

အဲဒီနေရာနာမည်ကျော်ရတဲ့အကြောင်းရင်းက ဘာမြူဒါတြိဂံထဲကိုဝင်မိတဲ့   သင်္ဘောတွေ၊  လေယာဉ်တွေဟာ နားလည်ရခက်တဲ့အခြေအနေတွေအောက်မှာ ပျောက်ဆုံးသွားရတာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

တချို့ကလည်း ဒါဟာလျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စဆိုတာ လက်မခံကြပါဘူး။ သို့သော် ဒီလေယာဉ်တွေ၊ ဒီသင်္ဘောတွေဟာ ဘာမြူဒါတြိဂံမှာ ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ ဆိုတာကိုလည်း လူသားတွေအနေနဲ့ အဖြေမထုတ်နိုင် ကြသေးပါဘူး။

မည်သို့ပင်ဆိုစေကာမူ ဘာမြူဒါတြိဂံဆိုတဲ့ နေရာကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာမှာ နာမည်ကြီးလာသလို လူသားတွေ အနေနဲ့လည်း အမျိုးမျိုး ငြင်းခုန်လာရပါတယ်။

ဒီတော့ ဒီတစ်ပတ်အတွက်  ကမ္ဘာ့မှတ်စုဆိုတဲ့ ကဏ္ဍကနေ တင်ပြပေးချင်တာကတော့  ဘာမြူဒါတြိဂံနဲ့ ပတ်သက်လို့ လူအများစု လက်ခံပြောဆိုနေကြတဲ့ စိတ်ဝင်စားဖွယ်အချက်တွေပဲ ဖြစ်ပါတယ်။

လျှို့ဝှက်ဆန်းကြယ်မှု၏ဇာစ်မြစ်အဲဒီဒေသကို ဘာမြူဒါတြိဂံ ဆိုပြီး နာမည်ပေးထားခဲ့တာကတော့ စာရေးဆရာ ဗင်းဆင့်ဂက်ဒစ်ဖြစ်ပြီး ၁၉၆၄ ခုနှစ် မှာပေးထားခဲ့တာ ဖြစ်ပါတယ်။

သူက အမျိုးသားတွေအကြိုက် သည်းထိတ်ရင်ဖိုမဂ္ဂဇင်းဖြစ်တဲ့ အာဂိုဇီမဂ္ဂဇင်းမှာ ဘာမြူဒါတြိဂံဆိုတဲ့ နာမည်ကို ပထမဆုံးရေးသားဖော်ပြခဲ့တာပါ။ ဒါပေမဲ့ သူက ဘာမြူဒါတြိဂံဆိုတဲ့နာမည်ကို ကမ္ဘာကျော်စေခဲ့သူ မဟုတ်ပါဘူး။

အဲဒါကို ကမ္ဘာကျော်စေခဲ့သူကတော့ ချားဘားလစ်ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူကိုယ်တိုင်က စာရေးဆရာ တစ်ယောက်ဖြစ်သလို နာမည်ကျော်တဲ့ ဘာသာစကားသင်တန်း ပေါင်းများစွာကို ဖွင့်လှစ်သင်ကြား ပို့ချပေးနေတာပါ။

သူဟာ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ထဲစွဲလမ်းနေသူ ဖြစ်ပြီး အတ္တလန်တစ်လို့ ခေါ်တဲ့မြို့ဟာ ဘာမြူဒါတြိဂံနဲ့ ဆက်စပ်နေတယ်လို့ ယူဆထားသူဖြစ်ပါတယ်။

အတ္တလန်တစ်မြို့ ဆိုတာကတော့ ဒဏ္ဍာရီလာမြို့ပျောက်ကြီး တစ်ခုဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ တည်ရှိတယ်လို့ ပြောစမှတ်ရှိပါတယ်။ အဲဒီမြို့အကြောင်းကိုတော့ နောက်မှသီးသန့် တင်ပြပေးပါဦးမယ်။

ချားဘားလစ်ဟာ သူ့စိတ်ထဲမှာ စွဲလမ်းနေတဲ့ အကြောင်းအရာကို သူ့ရဲ့စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

စာအုပ်ရဲ့နာမည်ကိုလည်း ခပ်တိုတိုရှင်းရှင်းပဲ ဘာမြူဒါတြိဂံဆိုပြီးတော့ ပေးခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ရောင်းအား အကောင်းဆုံးစာအုပ်တောင်မှ ဖြစ်ခဲ့ပါသေးတယ်။

အဲဒီစာအုပ်ကနေ စတင်လိုက်တဲ့ ဘာမြူဒါတြိဂံ အကြောင်းဟာ နောက်ပိုင်းမှာမီဒီယာတွေကနေ အကျယ်တဝင့် ပြောဆိုရေးသား လာရတဲ့အထိ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ စာအုပ်ပါ လျှို့ဝှက်ဆန်းကြယ်မှုဟာ လူတိုင်းပါးစပ်ဖျားမှာ ပြောဆိုလာတဲ့အထိပါပဲ။

 

စိတ်ကူးယဉ်ဆန်သော ဖြေရှင်းချက်များ

လူအများစုက ဒီလိုမျိုးလျှို့ဝှက်ဆန်းကြယ်မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းပြနိုင်ဖို့ နှစ်ပေါင်းများစွာကြာအောင် ကြိုးပမ်း ခဲ့ကြပါတယ်။

တချို့စာရေးဆရာတွေ ဆိုရင်လည်း ဘာမြူဒါတြိဂံက အတ္တလန်တစ်မြို့နဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ချဲ့ကားရေးသား လာတာမျိုးတွေ ရှိပါတယ်။

သူတို့ရဲ့ရေးသားချက်အရ ဆိုရင်တော့ ဒဏ္ဍာရီလာ အဲဒီမြို့ပျောက်ကြီးကို သမုဒ္ဒရာကြမ်းပြင်မှာ တွေ့ရှိနိုင်ပြီး အဲဒီမြို့ရှိ သလင်းကျောက်ကထွက်တဲ့ စွမ်းအားတွေက သင်္ဘောတွေ၊ လေယာဉ်တွေကို ဆွဲယူနှစ်မြှုပ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

တချို့ရဲ့ရေးသား ဖော်ပြချက်တွေက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူတို့က ဘာမြူဒါတြိဂံဟာ အချိန်ခရီးသွားနိုင်တဲ့ အပေါက်ကြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘာကြောင့်လဲ ဆိုတာတော့ ဘယ်သူမှ မရှင်းပြနိုင်ပါဘူး။

တချို့ကျတော့လည်း  ဘာမြူဒါတြိဂံဟာဂြိုဟ်သားတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောကြပါသေးတယ်။ တကယ်တမ်း ကျတော့ ဒီလိုဖြေရှင်းချက်တွေဟာ လက်တွေ့မဆန်ဘဲ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါတယ်။