နိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသများ၌ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ စစ်ရေးခြိမ်းခြောက်မှုများ ကြီးထွားလာခြင်းကြောင့် ရုရှားနိုင်ငံက အာတိတ်ဒေသရှိ ၎င်းတို့၏ ဆိုဗီယက်ခေတ် သုတေသနနှင့် လက်နက်စမ်းသပ်ရေး စခန်းတစ်ခုကို ပြန်လည်အသုံးပြုနိုင်ရန် စီစဉ်လိုက်ပြီ ဖြစ်သည်။
ရုရှားအစိုးရသည် အဆိုပါသုတေသနနှင့် လက်နက်စမ်းသပ်ရေး စခန်းကို ယခင်က အသုံးပြုခဲ့သော်လည်း ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်အသုံးပြုမှု ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယခုအခါ ယင်းစခန်းရှိ လက်နက်စမ်းသပ်ရေး အခန်းများကို မူလအခြေအနေအတိုင်း ပြန်လည် မွမ်းမံထားပြီး ဖြစ်ကြောင်း ရုရှားလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ထားသည်။
အဆိုပါ စမ်းသပ်ရေးစခန်း၌ လက်နက်များကို စမ်းသပ်ရာတွင် ရာသီဥတုအေးလွန်းခြင်း၊ ပူလွန်းခြင်းနှင့် စိုစွတ်ခြင်း စသည့် အခြေအနေများကိုဖန်တီး၍ စမ်းသပ်မည်ဖြစ်သည်။
အဆိုပါ စမ်းသပ်ရေးစခန်း၌ ယခုအခါ လက်နက်ငယ်များ၊ အထူးပြုလုပ်ထားသည့် ဗုံးပစ်လောင်ချာများနှင့် တခြားခဲယမ်းမီးကျောက်များကို ရေခဲမှတ်အောက် ၆၀ ဒီဂရီစင်တီဂရိတ်မှ အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်ရှိ အခြေအနေမျိုးတွင် စမ်းသပ်ပစ်ခတ်နိုင်သော အခြေအနေရှိနေပြီ ဖြစ်ကြောင်း ယင်းစခန်းမှ တာဝန်ရှိသူ ဆာဂျီကာရာဆက်ဗ်ကပြောသည်။
နိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသများ၌ NATO တပ်ဖွဲ့၏ စစ်ရေးအရပါဝင်မှု မြင့်တက်လာခြင်းကို တုံ့ပြန်သည့် အနေဖြင့် ရုရှားအစိုးရသည် အာတိတ်ဒေသရှိ စစ်ဘက်သုံး အခြေခံအဆောက်အအုံ တိုးမြှင့်တည်ဆောက်ခြင်းကို ပိုမိုလုပ်ဆောင်လျက်ရှိပြီး အဆိုပါ ဒေသသည် နိုင်ငံ၏ အကျိုးစီးပွားအတွက် အဓိကကျသည့် ဒေသတစ်ခုဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။
ရုရှားနိုင်ငံသည် အဆိုပါ ဒေသအား ကာကွယ်နိုင်ရန် ယခင်က အသုံးမပြုဘဲရပ်ဆိုင်းထားသော လေကြောင်းနှင့် ရေဒါစခန်းများကို ပြန်လည်အသုံးပြုခဲ့သည့်အပြင် တခြားစစ်အခြေစိုက်စခန်းအသစ်များကိုပါ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ထပ်မံတည်ဆောက်ခဲ့သည်။
အာတိတ်ဒေသ၌ ရုရှားကလုပ်ဆောင်နေသည့် စစ်ဘက်သုံးအခြေခံအဆောက်အအုံအဆင့်မြှင့်တင်ခြင်းသည် ယခင် ဆိုဗီယက်ကာလအတွင်း မကြုံဖူး၊ မတွေ့ဖူးသည့် အခြေအနေဖြစ်ကြောင်း စစ်ရေးလေ့လာသူ မီခေးလ်ဘာရာဘာနော့က ပြောသည်။
အာတိတ်ဒေသ၌ လုပ်ဆောင်နေသည့် ရုရှားနိုင်ငံ၏ စစ်ရေးအင်အားတိုးမြှင့်မှုသည် ယင်းဒေသအတွင်း ကနေဒါ၊ အမေရိကန်၊ နော်ဝေနိုင်ငံတို့နှင့် ပြိုင်ဆိုင်နိုင်ရန် ပူတင်၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်လျက်ရှိသည်။
ထို့ပြင် ပြိုင်ဘက်နိုင်ငံများမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ရေးအတွက် ရုရှားနိုင်ငံက အာတိတ်ဒေသ၌ ၎င်းတို့၏ အစွမ်းထက် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များနှင့် သင်္ဘောဖျက်ဒုံးကျည်စနစ်များကိုပါ ဖြန့်ကြက်ထားပြီး ဖြစ်သောကြောင့် ရုရှားနိုင်ငံသည် အနာဂတ်တွင် NATO တပ်ဖွဲ့ သာမက တခြားပြိုင်ဘက်နိုင်ငံများ ဖြစ်သည့် အနောက်နိုင်ငံများမှ ထွက်ပေါ်လာနိုင်သော အာတိတ်ဒေသခြိမ်းခြောက်မှု အန္တရာယ်အတွက် ကောင်းစွာ ပြင်ဆင်လျက်ရှိသည်ဟု ဆိုနိုင်ပါသည်။
Ref: Yhnews, Press TV