ဗြိတိန်ကြည်းတပ်က ၂ ကီလိုမီတာအထိ ထောက်လှမ်းနိုင်သော နာနိုဒရုန်း အစင်း ၃၀ ဝယ်ယူ

ဗြိတိန်ကြည်းတပ်အနေဖြင့်  ၂  ကီလိုမီတာ အကွာအဝေးအထိ ထောက်လှမ်းနိုင်ပြီး အလေးချိန် ၁၉၆ ဂရမ်သာရှိသော နာနိုဒရုန်းအစင်း ၃၀ ကိုဝယ်ယူကြောင်း ထိုဒရုန်းကိုထုတ်လုပ်သည့် ဗြိတိန်ရှိ BAE Systems စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီက ဒီဇင်ဘာ ၂၈ ရက်တွင်ပြောသည်။

စမတ်ဖုန်းအရွယ်အစားခန့်သာ ရှိသော နာနိုပိုးကောင်အမည်ရှိဒရုန်းကို UAVTEK  နှင့်ပူးပေါင်း၍  ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဗြိတိန်ကြည်းတပ်သို့ ပထမအသုတ် အစင်း ၃၀ ကို ပို့ဆောင်ထားကြောင်းနှင့် စစ်ဘက်က  ထိုဒရုန်းကို  စမ်းသပ်လေ့ကျင့်မှုများ လုပ်ဆောင်နေကြောင်း အဆိုပါ ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဒရုန်း၏ ဘက်ထရီကို မိနစ် ၄၀ ကြာ အသုံးပြုနိုင်ကြောင်းနှင့်  ဒရုန်းသည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ ကျော် အခြေအနေအပါအဝင် ဆိုးဝါးသော ရာသီဥတုများတွင်လည်း   ပျံသန်းနိုင်ကြောင်း ထိုကုမ္ပဏီကဆက်ပြောသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကင်းထောက်စောင့်ကြည့်မှုအတွက် နာနိုဒရုန်းများနှင့် အဝေးထိန်း တိုက်ခိုက်ရေးယာဉ်များ အပါအဝင် စက်ရုပ်စီမံကိန်းများအတွက် စတာလင်ပေါင် ၆၆ သန်း အသုံးပြုမည်ဟု ပြီးခဲ့သည့်နှစ်တွင်  ထုတ်ပြန်ထားသည်။                      

Ref: Sputnik