၂၀၂၁ အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ၌ အားကစားနည်း ၂၅ မျိုးထည့်သွင်း ကျင်းပရန် လျာထား

၂၀၂၁   ခုနှစ်အတွင်း   ကျင်းပမည့် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ၌ အားကစားနည်း အမျိုးအစားပေါင်း  ၂၅  မျိုး  ထည့်သွင်းကျင်းပရန်  လျာထားကြောင်း အာဆီယံတက္ကသိုလ် အားကစားကောင်စီမှ ထုတ်ပြန်သည်။

အကြိမ်  (၂၀)  မြောက်   အာဆီယံတက္ကသိုလ်ပေါင်းစုံ   အားကစားပြိုင်ပွဲကို မူလက  ယခုနှစ်အတွင်း   ကျင်းပရန်စီစဉ် ထားသော်လည်း  COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်မှ ၂၇ ရက်အထိ ထိုင်း နိုင်ငံ၌ကျင်းပရန်     အာဆီယံတက္ကသိုလ် အားကစားကောင်စီက စီစဉ်ထားသည်။

ယင်းပြိုင်ပွဲ၌ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊   ပြေးခုန်ပစ်၊   ရေကူး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ စားပွဲ တင်တင်းနစ်၊ ဂေါက်၊ ပီတန်း၊ ကရာတေး၊ အပြည်ပြည်ဆိုင်ရာလှေ၊ E-sport၊ တင်းနစ်၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလတ်၊ ဂျူဂျစ်စု၊ လက်ဝှေ့၊ ကာယဗလ၊ Dance Sport ၊  နက်ဘော၊  မွေထိုင်း၊  ဝူရှူးနှင့် မြားပစ်အားကစားနည်းများ    ကျင်းပရန် လျာထားသည်။

အဆိုပါ အားကစားနည်း ၂၅ မျိုးအနက် မြန်မာနိုင်ငံမှ ဘောလုံး(အမျိုးသား)၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ မြားပစ်နှင့် ကရာတေး အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည်။

အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို     နေပြည်တော်၌ အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပခဲ့ကြောင်း သိရသည်။                  

  ကိုရဲ