ယီမင်အစိုးရအဖွဲ့ အသစ်ရောက်ရှိလာသည့် အေဒင်လေဆိပ် တိုက်ခိုက်ခံရ

ယီမင်နိုင်ငံအတွက် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့အသစ်ကို သယ်ဆောင်လာသော လေယာဉ်သည် ဒီဇင်ဘာ ၃၀ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာလာကာ ယီမင်နိုင်ငံအေဒင်လေဆိပ်သို့ ရောက်ရှိပြီးနောက် ထိုလေဆိပ်၌ တိုက်ခိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု၌ လူငါးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ပေါက်ကွဲသံကြီးများနှင့်  သေနတ်များဖြင့်   ပစ်ခတ်တိုက်ခိုက်သံများကို ကြားရကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောသည်။

သို့သော် ယီမင်ဝန်ကြီးချုပ်မာအင်း အဗ္ဗဒူမာလစ် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် ယီမင်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်တို့ကို   သမ္မတနန်းတော်သို့ ဘေးကင်းစွာ ခေါ်ဆောင်သွားနိုင်ကြောင်း မျက်မြင်တွေ့ရှိသူများနှင့်  ဆော်ဒီသတင်း ဌာနတို့က ဖော်ပြထားသည်။

အသစ်ဖွဲ့စည်းထားသော အစိုးရအဖွဲ့သည် ယီမင်သမ္မတရာဘူမန်ဆူအာဟာဒီ၏ အစိုးရအဖွဲ့ဝင်များနှင့် တောင်ပိုင်းခွဲ ထွက်ရေးသမားများ ပူးပေါင်းထားသော အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့နှစ်ဖွဲ့သည် နိုင်ငံမြောက်ပိုင်းရှိဟူသီသူပုန်များကို  တိုက်ခိုက်နေသည့် နိုင်ငံတောင်ပိုင်း အခြေစိုက်အဖွဲ့နှင့် ဆော်ဒီအစိုးရထောက်ပံ့ခံ မဟာမိတ်အဖွဲ့တို့ ဖြစ်သည်။ အာဏာခွဲဝေအုပ်ချုပ်မည့် အစိုးရ အဖွဲ့အသစ်တွင် တောင်ပိုင်းခွဲထွက်ရေး သမားများ ပါဝင်လာမည်ဟု ဆော်ဒီအာရေဗျ အစိုးရက ယခုလအစောပိုင်းတွင်  ပြောထားသည်။

  Ref: TST